ဖေဖော်ဝါရီလဟာ အချစ်လလို့ ပြောရလောက်အောင်ကို အချစ်အရိပ်အငွေ့လေးတွေ ပြည့်နှက်နေပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ ချစ်သူဖြစ်သွားကြတဲ့ စုံတွဲတွေရှိသလို ဖေဖော်ဝါရီလမှာပဲ ရွှေလက်တွဲသွားကြတဲ့ စုံတွဲတွေ အများကြီးပါပဲ။ ဘာလို့ ဖေဖော်ဝါရီလဟာ အချစ်အငွေ့အသက်တွေ များနေရတာလဲ။
ရာသီဥတုအခြေအနေ
ဖေဖော်ဝါရီလဟာ ဆောင်းကုန်ခါနီးဖြစ်တဲ့အတွက် ဆောင်းနှင်းငွေ့ အငွေ့အသက်တွေ ခံစားရတဲ့ လဖြစ်ပါတယ်။ အေးချမ်းတဲ့ ဆောင်းမနက်ခင်းတွေ၊ ဆောင်းညခင်းတွေဟာ ခံစားလို့ကောင်းတဲ့ ရာသီဥတုအခြေအနေဖြစ်နေပြီး ချမ်းစိမ့်စိမ့် အအေးဓာတ်တွေကလည်း ချစ်သူနဲ့အတူ အချိန်တွေ ကုန်ဆုံးဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ ဒါ့ကြောင့် ချစ်စရာကောင်းသလို ခံစားလို့ကောင်းတဲ့ ရာသီအငွေ့အသက်အချိန်အခါကို ချစ်သူနဲ့အတူတူ တန်ဖိုးရှိရှိ ကုန်ဆုံးသွားစေချင်တဲ့ စိတ်တွေဖြစ်ပေါ်စေနိုင်တဲ့ ဖေဖော်ဝါရီလကလေးပဲဖြစ်ပါတယ်။
ထူးဆန်းတဲ့ ရက်အရေအတွက်
ဖေဖော်ဝါရီလဟာ ၁၂လရာသီအတွင်းမှာ ထူးခြားတဲ့ ရက်အရေအတွက်ကို ပိုင်ဆိုင်ထားပါတယ်။ လတိုင်းဟာ ရက် ၃၀ ဒါမှမဟုတ် ၃၁ ရက်ရှိကြပေမယ့်လည်း ဖေဖော်ဝါရီလကတော့ ၂၈ ရက်တည်းရှိလို့နေပြန်ပါတယ်။ ရက်ထပ်နှစ်ရှိတဲ့ နှစ်မျိုးမှာဆိုရင်တော့ ၂၉ ရက်ဆိုပြီး လေးနှစ်တစ်ကြိမ် ဖြစ်ပေါ်သွားပြန်ပါတယ်။ ဒီလို ဘယ်လရာသီမှာမှ မရှိတဲ့ ထူးခြားတဲ့ ရက်အရေအတွက်ကို ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် ဖေဖော်ဝါရီလဟာ ချစ်သူတွေရဲ့ ထူးခြားတဲ့ အထိမ်းအမှတ်လေးတွေ၊ Romantic ဆန်ဆန်လေးတွေ ဆင်နွှဲဖို့ အရမ်းကို အဆင်ပြေတဲ့ လကလေး ဖြစ်နေပြန်ပါသေးတယ်။
မင်္ဂလာပွဲတွေ ဆင်နွှဲကြတဲ့လ
များသောအားဖြင့် မင်္ဂလာပွဲတွေကို ဖေဖော်ဝါရီလမှာ ဆောင်လေ့ရှိကြပါတယ်။ ဒါတင်မက ကောင်မလေးတွေ သူ့ချစ်သူကောင်လေးကို ချစ်အဖြေပြန်ပေးတာတွေကို ဖေဖော်ဝါရီလမှာ လုပ်လေ့ရှိပါတယ်၊ ဒါ့ကြောင့် မင်္ဂလာနှစ်ပတ်လည်တို့၊ ချစ်သူသက်တမ်းနှစ်ပတ်လည်တို့က ဖေဖော်ဝါရီလ ဖြစ်နေတတ်ပါတယ်။ ဒီလထဲမှာမှ ဘယ်ရက်ဖြစ်နိုင်ပါသလဲ...
ချစ်သူများနေ့
ဟုတ်ပါတယ်၊ ဖေဖော်ဝါရီလရဲ့ လလယ်လောက်မှာ ချစ်သူများနေ့ ရှိနေပါတယ်၊ မင်္ဂလာပွဲတွေ ၊ ချစ်သူကို အဖြေပေးတတ်တဲ့ နေ့တွေဟာ ဖေဖော်ဝါရီလလယ်ပိုင်းမှာ ရှိနေတဲ့ ချစ်သူများနေ့မှာ ပြုလုပ်ကျင်းပလေ့ရှိပါတယ်။ ဖေဖာ်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ကို ချစ်သူတွေသာမက သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေပါ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလေ့ရှိကြပါတယ်။ ချစ်သူများနေ့ဆိုရင် ချစ်သူခင်သူတွေ အချင်းချင်း လက်ဆောင်ပေးတာ ၊ ချောကလက်တွေ လက်ဆောင်ပေးတာ ၊ ကိုယ့်ချစ်သူခင်သူတွေကို အချိန်ပေးပြီး ချစ်ခင်ကြောင်း ပြောတတ်ကြ၊ ပျော်ရွှင်ကြတဲ့ရက်ကလေးဟာ ဖေဖော်ဝါရီလရဲ့ လလယ်မှာ ကျရောက်တဲ့ ချစ်သူများနေ့ပဲ ဖြစ်ပါတယ်၊
ဖေဖော်ဝါရီလရဲ့ Theme
ဖေဖော်ဝါရီလဟာ အချစ်လမဟုတ်ပါဘူးလို့ ငြင်းချင်တယ်ဆိုရင်တောင် ပတ်ဝန်းကျင်မြင်ကွင်းတွေကိုတော့ လက်မခံဘူးလို့ ငြင်းလို့မရနိုင်ပါဘူး၊ ဖေဖော်ဝါရီလဟာ လအစကစပြီး တစ်လလုံးလိုလို ပန်းရောင်အရင့်အနုပေါင်းစုံတွေ၊ အနီရောင်ဖျော့ဖျော့တွေနဲ့ နေရာပေါင်းစုံမှာ ချစ်ခြင်းသင်္ကေတအသည်းပုံတွေကို တွေ့မြင်နေကြတာဖြစ်ပါတယ်၊ စူပါမားကတ်တွေ၊ ဈေးဝယ်စင်တာတွေသာမက Public Area တွေမှာပါ အချစ်သင်္ကေတတွေ အများအပြား မြင်တွေ့ခံစားကြရပါတယ်။ လူတိုင်းကလည်း ဒီလလေးမှာ အချစ်ရဲ့ အရိပ်ငွေ့သက်တွေကို ခံစားနေကြရတာ ငြင်းလို့မရနိုင်အောင်ကိုပါပဲ။
ကမ္ဘာအနှံ့ဆင်နွှဲကြ
ဖေဖော်ဝါရီလကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း အချစ်လအဖြစ်သတ်မှတ်ကြတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးက ဖေဖော်ဝါရီလကို အချစ်လအဖြစ် သတ်မှတ်ပြီး ချစ်ရခင်ရသူတွေနဲ့ အတူတူ ပျော်ရွှင်စွာ ဆင်နွှဲနေကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်သူများနေ့မှာဖြစ်စေ၊ အချစ်လလေးဖြစ်တဲ့ ဖေဖော်ဝါရီလမှာပဲ ဖြစ်စေ အချစ်ရဲ့ သင်္ကေတလေးတွေ ၊ အငွေ့အသက်လေးတွေ ခံစားရပြီဆိုရင် လူတိုင်းဟာ ကိုယ်ချစ်ရတဲ့သူတွေ၊ ကိုယ်မြတ်နိုးရတဲ့သူတွေကို သတိရကြ၊ အတူဖြတ်သန်းလိုကြ၊ မြင်လိုကြတာကတော့ ထုံးစံပါပဲ။
ဘဝမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ ဘယ်လောက်များပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ အကြောင်းကို တွေးမိတာ၊ သတိရမိတာမျိုးက စိတ်ကို ပြန်လည်လန်းဆန်းတက်ကြွစေတဲ့ အကောင်းဆုံးဆေးစွမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်နားက ချစ်ခင်မြတ်နိုးရတဲ့သူတွေကို တန်ဖိုးထားဆက်ဆံဖို့လည်း အထူးလိုအပ်ပါကြောင်း အချစ်လ ဖေဖော်ဝါရီလေးမှာ ထပ်လောင်းပြောကြားပါရစေ။