အဂတိလိုက်စားမှုများဖြင့် စွဲချက်တင်ခံထားရတဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကို မေ ၂၄ ရက်နေ့က ဂျေရုဆလင်မြို့မှာ တရားရုံးကြားနာစစ်ဆေးမှု စတင်ခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
အသက် ၇၀ နှစ်ရွယ် နက်တန်ယာဟူက ဝန်ကြီးချုပ်သက်တမ်းသစ် စတင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ တရားရုံးစစ်ဆေးမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နက်တန်ယာဟူဟာ အစ္စရေးနိုင်ငံ သမိုင်းတစ်လျှောက် ပထမဆုံး တရားရင်ဆိုင်ရတဲ့ ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၎င်းကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုအလွဲသုံးစားလုပ်မှုတို့ဖြင့် စွဲချက်တင်ထားပြီး နက်တန်ယာဟူကတော့ အခိုင်အမာ ငြင်းဆိုထားခဲ့ပြီး အပြစ်မရှိကြောင်း ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ယခု အမှုတွေဟာ ၎င်းကို ဖြစ်နိုင်တဲ့နည်းလမ်းဖြင့် ဖြုတ်ချရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးကိုရောက်ရှိလာစဥ် ဝန်ကြီးချုပ်နက်တန်ယာဟူက ပြောပါတယ်။ နက်တန်ယာဟူဟာ ပြီးခဲ့တဲ့တစ်ပတ်က အစ္စရေးမှာ ရှားရှားပါးပါး ပူးပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ရယူထားနိုင်ခဲ့ပါတယ်။
(Photo: AFP)
အစ္စရေးမှာ တစ်နှစ်အတွင်း ပြတ်သားတဲ့ရလဒ် မထွက်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ် ပြုလုပ်ခဲ့ပြီးနောက် နက်တန်ယာဟူရဲ့ နိုင်ငံရေးပြိုင်ဘက် ဘန်နီဂန့်ဇ်က အာဏာခွဲဝေရယူရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရစဥ် အတိုက်အခံတွေက ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုတွေကို နက်တန်ယာဟူက ပယ်ချခဲ့ပါတယ်။
လက်ယာစွန်းရောက် လီကွတ် (Likud) ပါတီရဲ့ခေါင်းဆောင် နက်တန်ယာဟူဟာ အစ္စရေးနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်လည်းဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အာဏာရလာခဲ့ပါတယ်။ ၎င်းဟာ ၁၉၉၆-၁၉၉၉ ခုနှစ် ကာလမှာလည်း ဝန်ကြီးချုပ်ဖြစ်ခဲ့ပါသေးတယ်။ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကို တရားစွဲဆိုထားတဲ့ အမှုသုံးခုရှိပြီး Case 1,000၊ 2,000 နဲ့ 4,000 အဖြစ် သိမှတ်ခေါ်ဝေါ်ကြပါတယ်။
(Photo: Reuters)
- Case 1000 (လိမ်လည်မှုနဲ့ ယုံကြည်မှု အလွဲသုံးစားပြုမှု) - နက်တန်ယာဟူက ဩဇာကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်များထံမှ လက်ဆောင်ပစ္စည်းများ (အဓိကအားဖြင့် ဆေးပြင်းလိပ်နဲ့ ရှန်ပိန်ပုလင်းများ) လက်ခံရယူပြီး ၎င်းတို့ကို အခွင့်အရေးပေးခဲ့ခြင်း။
- Case 2000 (လိမ်လည်မှုနဲ့ ယုံကြည်မှု အလွဲသုံးစားပြုမှု) - ဝန်ကြီးချုပ်နက်တန်ယာဟူက အစ္စရေးသတင်းစာ Yediot Ahronot ကို စောင်ရေတိုးရန် ကူညီပေးပြီး အပြန်အလှန်အားဖြင့် ၎င်းရဲ့ ကောင်းသတင်းတွေကို ဖော်ပြရန် ကမ်းလှမ်းခဲ့ခြင်း။
- Case 4000 (လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှု အလွဲသုံးစားပြုမှု) - စီးပွားရေးလုပ်ငန်းရှင် Shaul Elovitch က ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ Bezeq ဆက်သွယ်ရေးကုမ္ပဏီကို အခွင့်အရေးပေးတဲ့ ဆုံးဖြတ်ချက်များဖြစ်စေရန် ဆက်သွယ်ရေးလုပ်ငန်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို နက်တန်ယာဟူက ထောက်ခံပေးခဲ့ပြီး အပြန်အလှန်အားဖြင့် Shaul Elovitch ရဲ့ Walla သတင်းဝက်ဘ်ဆိုက်မှာ ၎င်းရဲ့ ကောင်းသတင်းတွေကို ဖော်ပြစေခြင်း။
Source: Reuters, BBC