အစ္စရေးနိုင်ငံမှာ ရှားရှားပါးပါး ခွဲစိတ်မှုအဖြစ် အသက်တစ်နှစ်အရွယ် ခေါင်းချင်းဆက် အမြွှာညီအစ်မကို အောင်မြင်စွာ ခွဲစိတ်ပေးပြီး သီးခြားစီ ဖြစ်စေနိုင်ခဲ့ပါတယ်။
ယခုလအစောပိုင်းက Beersheba မြို့ရှိ Soroka Medical Centre မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုဟာ ၁၂ နာရီကြာမြင့်ခဲ့ပြီး လနဲ့ချီကြာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု ခွဲစိတ်မှုမှာ အစ္စရေးနဲ့ ပြည်ပမှ ကျွမ်းကျင်သူ ဒါဇင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ နာမည်မပေးရသေးတဲ့ အမြွှာညီအစ်မနှစ်ဦးဟာ ခွဲစိတ်မှုအပြီး ကျန်းမာရေးကောင်မွန်နေတယ်လို့ သိရပါတယ်။
(မခွဲစိတ်မီ တွေ့ရသည့် ခေါင်းချင်းဆက် အမြွှာညီအစ်မ) (Photo: Reuters)
၎င်းတို့ဟာ အသက်ရှူစက်မလိုအပ်ဘဲ ကိုယ်တိုင် အသက်ရှူကြပြီး စားသောက်နိုင်ကြတယ်လို့ Soroka ဆေးရုံမှ ပလတ်စတစ်ဆာဂျရီဌာန အကြီးအကဲ Eldad Silberstein က အစ္စရေးသတင်းဌာန Channel 12 ကို ပြောပါတယ်။ အစ္စရေးမှာ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တဲ့ အမြွှာညီအစ်မဟာ ဦးခေါင်းနောက်ပိုင်းချင်းဆက်လျက် မွေးဖွားလာခဲ့ကြတာ ဖြစ်ပါတယ်။
ယခု ခွဲစိတ်မှုဟာ အစ္စရေးနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာတော့ ထိုကဲ့သို့ ခွဲစိတ်မှု အကြိမ် ၂၀ မျှသာ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ခေါင်းချင်းဆက် အမြွှာညီအစ်မကို သီးခြားစီဖြစ်စေရန် ခွဲစိတ်မှုမတိုင်မီ ၎င်းတို့နှစ်ဦးလုံးအတွက် ဦးရေကို စီလီကွန်အိတ်များ ဦးခေါင်းထဲသို့ ထည့်သွင်းပြီး ဖန်တီးခဲ့ကြပါတယ်။
ထို့အတူ အမြွှာညီအစ်မရဲ့ 3D virtual reality model တစ်ခုကိုလည်း ဖန်တီးခဲ့ကြကြောင်းနဲ့ မျှော်လင့်ထားတဲ့အတိုင်း အားလုံး အဆင်ပြေခဲ့ကြောင်း Soroka ဆေးရုံ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန် Mickey Gigeon က ပြောပါတယ်။ အစ္စရေးမှာ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တဲ့ အမြွှာညီအစ်မကို ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားခဲ့တာဖြစ်ပြီး သူမတို့နှစ်ဦးဟာ ယခုအခါ ပုံမှန် ရှင်သန်နေထိုင်သွားနိုင်တော့မယ်လို့ ဆရာဝန်တွေက မျှော်လင့်ထားပါတယ်။