အစ္စရေးဝန်ကြီးချုပ်ရုံးဝက်ဘ်ဆိုက်အပါအဝင် ဌာနဆိုင်ရာဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွင်းမှာ အစ္စရေးကျန်းမာရေး ၊ ပြည်ထဲရေး ၊ တရားရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနတွေအပါအဝင် အစ္စရေးအစိုးရဝက်ဘ်ဆိုက်အတော်များများကို ဟက်ကာတွေက ဖြုတ်ချခဲ့တယ်လို့ Engadget သတင်းက ဖော်ပြပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရုံး ဝက်ဘ်ဆိုက်လည်း ပါသွားခဲ့ပေမယ့် အခုတော့ ဝက်ဘ်ဆိုက်အားလုံး အွန်လိုင်း ပြန်ဖြစ်နေပြီလို့ နိုင်ငံရဲ့ အမျိုးသားဆိုက်ဘာညွှန်ကြားရေးမှူးရုံး NCF က ထုတ်ပြန်ပါတယ်။
Denial Of Service Attack လို့ ခေါ်တဲ့ DDOS တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ အစ္စရေးအစိုးရဝက်ဘ်ဆိုက်ဒိုမိန်းတွေ ဖြစ်တဲ့ gov.il နဲ့ ဝက်ဘ်ဆိုက်တွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ခုခု ဒါမှမဟုတ် အဖွဲ့အစည်းကြီး တစ်ခုခုရဲ့ လက်ချက်ဖြစ်မယ်လို့ သံသယရှိထားပြီး Jerusalem Post သတင်းမှာ အီရန်နဲ့ ပတ်သက်မှုရှိတဲ့ ဟက်ကာအဖွဲ့ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
DDoS တိုက်ခိုက်မှုဟာ ဝက်ဘ်ဆိုက်တွေထဲ ဝင်မရအောင် လုပ်နိုင်ပေမယ့် ဆိုက်တွေကို deface အုပ်တာ ၊ အချက်အလက်တွေ ချိုးဖောက်ထိန်းချုပ်တာမျိုးတွေ လုပ်နိုင်တာမျိုးတော့ မတွေ့ရတတ်ပါဘူး။ ဒါပေမယ့်လည်း နောက်ကွယ်မှာ နိုင်ငံနဲ့ ဆိုင်တဲ့ ဟက်ကာတွေ ပါလာရင် ဒါဟာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ယူကရိန်းကို ရုရှားတပ်တို့ ကျူးကျော်စစ် မလုပ်ဆောင်ခင်မှာ ယူကရိန်းအစိုးရဝက်ဘ်ဆိုက်တွေ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပါတယ်။ အခုကိစ္စမှာလည်း အီရန်က အစ္စရေးမြို့တော် အာဘီမြို့ကို ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်အသိပေးပြီး နောက်တစ်နေ့မှာ ဖြစ်လာတာကြောင့် စိုးရိမ်စရာ တင်းမာမှုဆောင်နိုင်ပါတယ်။
အခု တိုက်ခိုက်မှုဟာ အစ္စရေးနိုင်ငံအတွက် အကြီးဆုံး ဆိုက်ဘာတိုက်ခိုက်မှု ဟုတ်မဟုတ် မပြောနိုင်ပေမယ့် NCF နဲ့ ကာကွယ်ရေးအာဏာပိုင်တွေက နိုင်ငံကို အရေးပေါ် အခြေအနေကြေညာလောက်အောင် စိုးရိမ်မှု ရှိနေကြတယ်လို့ ဆိုပါတယ်။ လောလောဆယ် ဒီတိုက်ခိုက်မှုကြောင့် အရေးပါတဲ့ ဝက်ဘ်ဆိုက်နဲ့ အခြေခံအဆောက်အဦတွေ ထိန်းချုပ်ခံထားရသလားအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ပျက်စီးမှုတွေကို သုံးသပ်မှုလုပ်နေကြပါတယ်။