ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ အင်ဒိုနီးရှားဟာ အခုတော့ အိမ်ရှင်အဖြစ်ကနေ ရုတ်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ပြုလုပ်ရမယ့် အုပ်စုအဆင့်မဲခွဲဆုံးဖြတ်မယ့် အခမ်းအနားကို ရက်ရွှေ့ဆိုင်းခဲ့ပြီးနောက်မှာ ဖီဖာဘက်က သူတို့ကို အိမ်ရှင်အဖြစ်ကနေ ပယ်ဖျက်လိုက်တာပါ။
ဒီပြိုင်ပွဲကိုတော့ မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ ကျင်းပဖို့အတွက် စီစဉ်ထားတာဖစြ်ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲကျင်းပမယ့်နေရာတခုဖြစ်တဲ့ ဘာလီကျွန်းကို အစ္စရေးလူငယ်အသင်း လာရောက်ကစားမယ်ဆိုရင် လက်ခံမှာမဟုတ်ဘူးလို့ ဘာလီအုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပြီးနောက် အငြင်းပွားစရာတွေ ဖြစ်လာခဲ့တာပါ။
အစ္စရေးကို ကစားဖို့အတွက် လက်မခံဘူးဆိုရင် ပြိုင်ပွဲကို လက်ခံကျင်းပဖို့က မဖြစ်နိုင်ကြောင်း ဖီဖာက မနေ့က ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးအရ အင်ဒိုနီးရှားဟာ ပါလက်စတိုင်းကို ထောက်ခံတာဖြစ်ပြီး အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးလည်းမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ အစ္စရေးကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။
အင်ဒိုနီးရှားကို အိမ်ရှင်အဖြစ် သတ်မှတ်ခဲ့ချိန်တုန်းက အစ္စရေးက ခြေစစ်ပွဲမအောင်သေးတဲ့ အနေအထားဖြစ်နေပြီး သူတို့ ခြေစစ်ပွဲအောင်ခဲ့တဲ့နောက် ဒီပြသနာတွေတက်ခဲ့တာပါ။ လက်ရှိမှာ ဖီဖာက အိမ်ရှင်နိုင်ငံအသစ်ကို ရှာဖွေနေပြီး ဘယ်နိုင်ငံကိုရွေးချယ်မလဲဆိုတာ မသိရသေးပါဘူး။ ပြိုင်ပွဲကျင်းပမယ့်ရက်ကိုတော့ မူလအတိုင်းသာ ထားရှိထားသေးတယ်လို့လည်း ဖီဖာက ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ အိမ်ရှင်ဖြစ်နေလို့ အလိုအလျောက်ပါဝင်ကစားခွင့်ရထားတာဖြစ်ပြီး အခုလို အိမ်ရှင်မဟုတ်တော့ဘူးဆိုရင် သူတို့အသင်းလည်း ဝင်ကစားခွင့်ရမှာမဟုတ်တော့ပါဘူး။ သူတို့နေရာမှာ အခြားအသင်းတသင်းကို အစားထိုးရဦးမှာဖြစ်ပြီး ဖီဖာအတွက်တော့ အလုပ်တွေရှုပ်နေရပါပြီ။