အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဂုတ်တွင်း ယာယီဘေလီတံတားပေါ်ကို ၄၈ တန် ကုန်တင်ကားတွေကို စက်တင်ဘာ ၈ ရက်ကစပြီး ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Photo- Ministry of Construction
သြဂုတ်လ ၁၅ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ဂုတ်တွင်းတံတားကို ဘေလီတံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဂုတ်တွင်း ယာယီဘေလီတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့က အစားထိုးပြန်လည်တည်ဆောက်ခဲ့တာပါ။
အရှည်ပေ (၁၂၀) ရှည်တဲ့ ဘေလီတံတားသစ်တည်ဆောက်ပြီးနောက် သြဂုတ်လ ၂၀ ရက်မှာ ယာဉ်တွေကို ပြန်လည် ဖြတ်သန်းခွင့်ပြုခဲ့ရာ ၃၆ တန်ကုန်တင်ယာဉ်တွေကိုပါ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
Photo- Ministry of Construction
ဒါ့အပြင် ဂုတ်တွင်း ယာယီဘေလီတံတားတဲ့ အပြိုင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား (၃) စင်း အမြန်ဆုံးတည်ဆောက်နေပြီး ဂုတ်တွင်းတံတားအသစ် တည်ဆောက်ပြီးရင် လက်ရှိအသုံးပြုနေတဲ့ ယာယီဘေလီတံတားကို ဖြုတ်သိမ်းသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
အဆိုပါ ဂုတ်တွင်းတံတားမှာ မန္တလေး-နောင်ချို-လားရှိုး-မူဆယ် အဓိက ကုန်သွယ်ရေးလမ်းမကြီးဖြစ်ပြီး တံတားအသစ်နဲ့ မူလတံတာဟောင်း ပြင်ဆင်ပြီးပါက အသွား၊အပြန် အသုံးပြုနိုင်မယ့် (၄) လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်လာတော့မယ်လို့လည်း သိရပါတယ်။