တရုတ်နိုင်ငံမှ ဇနီးမောင်နှံဟာ ၁၉၈၈ ခုနှစ်က ခိုးယူခံခဲ့ရတဲ့ ၎င်းတို့ရဲ့ သားဖြစ်သူနဲ့ နှစ်ပေါင်း ၃၂ နှစ်ကြပြီးနောက် ပြန်ဆုံနိုင်ခဲ့ပြီလို့ သိရပါတယ်။
ကျွန်မတို့ကို ကူညီခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်
မာအိုရင် (Mao Yin) လို့ အမည်ပေးထားတဲ့ ၎င်းတို့ရဲ့သားဟာ အသက်နှစ်နှစ်ကျော်အရွယ်မှာ ဖခင်နဲ့အတူ နေ့ကလေးထိန်းကျောင်းမှ အပြန်လမ်းမှာ ခိုးယူခေါ်ဆောင်သွားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုစဥ်က ဖခင်ဖြစ်သူဟာ Mao Yin ရေသောက်ချင်တာကြောင့် ဟိုတယ်တစ်ခုရဲ့ ဝင်ပေါက်နေရာမှာ ခေတ္တရပ်ပြီး ပြင်ဆင်ပေးနေစဥ် ကလေးခိုးယူခံလိုက်ရပါတယ်။ သားဖြစ်သူ ပျောက်သွားခဲ့ပြီးနောက် မိဘတွေက နိုင်ငံတစ်ဝှမ်း လိုက်လံရှာဖွေခဲ့ကြပြီး မိခင်ဖြစ်သူဟာ လက်ကမ်းကြော်ငြာ ၁၀၀,၀၀၀ ကျော် ဝေငှထားခဲ့ပါတယ်။
တနင်္လာနေ့ (မေ ၁၈ ရက်) မှာတော့ ယခုအခါ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ Mao Yin နဲ့ မိဘနှစ်ဦးတို့ ပြန်ဆုံဆည်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ Mao Yin က မိဘတွေနဲ့အတူ နေထိုင်သွားရန် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ Li Jingzhi က "ကျွန်မတို့ကို ကူညီခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်
Mao Yin ဘယ်လို ပျောက်ဆုံးသွားခဲ့တာလဲ?
Mao Yin ဟာ ၁၉၈၆ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ Shaanxi ပြည်နယ် Xian မြို့ရှိ နေ့ကလေးထိန်းကျောင်းကနေ Mao Yin ကို ဖခင် Mao Zhnejing က အိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာ Mao Yin က ရေသောက်ချင်ကြောင်း ပြောခဲ့ရာ သားအဖနှစ်ဦး ဟိုတယ်တစ်ခုရဲ့ ဝင်ပေါက်နေရာမှာ ရပ်တန့်ခဲ့ကြပါတယ်။
ထို့နောက် ဖခင်က ရေနွေးတစ်ခွက်စာကို သားအတွက် အအေးခံနေပြီး အဝေးကို ကြည့်နေစဥ် အချိန်ခဏလေးအတွင်းမှာပင် Mao Yin ခိုးယူခေါ်ဆောင်သွားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ မိဘတွေက Mao Yin ကို Xian မြို့တစ်ဝိုက် လိုက်လံရှာဖွေခဲ့ကြပြီး ကြော်ငြာပိုစတာတွေလည်း ကပ်ထားခဲ့ကြပါတယ်။ ထိုစဥ်က သားဖြစ်သူကို ပြန်ရှာတွေ့မယ်လို့ တွေးထင်ခဲ့ကြပေမဲ့ ထင်သလို မဖြစ်လာခဲ့ပါဘူး။
မိခင်ဖြစ်သူ Li Jingzhi ဟာ သားပျောက်သွားပြီးနောက်ပိုင်း အလုပ်ထွက်ခဲပြီး တရုတ်နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နဲ့ နေရာဒေသ ၁၀ ခုကျော်မှာ ကလေးပျောက်နေကြောင်း လက်ကမ်းကြော်ငြာ ၁၀၀,၀၀၀ ကျော်ကို လိုက်လံဝေငှခဲ့ပေမဲ့ ကလေးကို ပြန်ရှာတွေ့ရန် လမ်းစမမြင်ခဲ့ပါဘူး။ Li Jingzhi ဟာ နှစ်များအတွင်းမှာ X Factor အပါအဝင် တရုတ် ရုပ်မြင်သံကြား အစီအစဥ်တွေမှာ ပါဝင်ခဲ့ပြီး သားဖြစ်သူကို ပြန်ရှာတွေ့နိုင်ရေး အကူအညီ တောင်းခဲ့ရှာပေမဲ့လည်း မထူးခြားခဲ့ပါဘူး။
အနာဂတ်နဲ့ပတ်သက်ပြီး မသေချာပေမဲ့ မိဘတွေနဲ့အတူ အချိန်ကုန်လွန် နေထိုင်ချင်ပါတယ်
၂၀၀၇ ခုနှစ်မှာတော့ Li Jingzhi က "Baby Come Back Home" အမည်ရှိ အဖွဲ့တစ်ဖွဲ့မှာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ၎င်းတို့ရဲ့ ကလေးတွေကို ရှာဖွေနေသူ အခြား မိဘတွေ ကူညီခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရ မီဒီယာမှာ ဖော်ပြထားမှုအရ Li Jingzhi ဟာ ကလေး ၂၉ ဦးကို ၎င်းတို့ရဲ့ မိသားစုတွေနဲ့ ပြန်ဆုံနိုင်ရန် ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယခုအခါ ၃၂ နှစ်ကြာ ပျောက်ဆုံးကွဲကွာနေတဲ့ သားဖြစ်သူနဲ့ ပြန်ဆုံခဲ့ပြီးနောက်မှာလည်း "Baby Come Back Home" နဲ့အတူ အလုပ်ဆက်လုပ်နေမယ်လို့ Li Jingzhi က ပြောပါတယ်။
Mao Yin ဘယ်လို တွေ့ရှိခဲ့တာလဲ?
ယခုနှစ် ဧပြီလအတွင်းမှာတော့ လွန်ခဲ့တဲ့ နှစ်များအကြာက မွေးစားခံခဲ့ရသူ တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှ အမျိုးသားတစ်ဦးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းရခဲ့ပါတယ်။ စီချွမ်ပြည်နယ်ဟာ Mao Yin ပျောက်ဆုံးသွားခဲ့တဲ့ Xian မြို့မှ မိုင် ၆၂၀ အကွာမှာရှိပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က မွေးစားခံခဲ့ရသူ ယခု အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထိုအမျိုးသားဟာ ကလေးပျောက်နေတဲ့ Mao Zhenjing နဲ့ Li Jingzhi ဆက်နွယ်ခြင်းရှိ မရှိ သိနိုင်ရန်အတွက် DNA စစ်ဆေးခဲ့ရာ ကိုက်ညီနေကြောင်း အဖြေထွက်လာခဲ့ပါတယ်။ Gu Ningnin လို့ အမည်ပြောင်းထားတဲ့ Mao Yin ဟာ ယခုလက်ရှိမှာ နေအိမ်အလှပြင်ဆင်မှုလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။
တရုတ်မှာ ကလေးငယ်တွေကို ခိုးယူပြီး ကုန်ကူးမှုဟာ ဆယ်စုနှစ်များကြာ ပြဿနာတစ်ရပ် ဖြစ်နေခဲ့ပါတယ်
အနာဂတ်နဲ့ပတ်သက်ပြီး မသေချာပေမဲ့ ၎င်းရဲ့မိဘတွေနဲ့အတူ အချိန်ကုန်လွန် နေထိုင်ချင်တယ်လို့ Mao Yin က ဖွင့်ဟခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ Mao Yin ဟာ ၁၉၈၈ ခုနှစ် ခိုးယူခေါ်ဆောင်သွားခံရပြီး ကလေးမရရှိတဲ့ စုံတွဲတစ်တွဲထံ ယွမ်ငွေ ၆,၀၀၀ (မြန်ကျပ်ငွေ ၁၂ သိန်းနီးပါး - ယခုလက်ရှိ ငွေလဲနှုန်းအရ) ဖြင့် ရောင်းစားခံခဲ့ရကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂ နှစ်အကြာက ခိုးယူခံလိုက်ရတဲ့ သားဖြစ်သူနဲ့ ပတ်သက်တဲ့ သတင်းကောင်းကို တရုတ်နိုင်ငံမှာ အမေများနေဖြစ်တဲ့ မေ ၁၀ ရက်နေ့က သိရှိခဲ့ရပြီး သူမအတွက် ရရှိခဲ့ဖူးသမျှ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်လို့ Mao Yin ရဲ့မိခင် Li Jingzhi က ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှ Mao Yin ပျောက်ဆုံးသွားခဲ့စဥ်က လူပျောက်မှုကို ဆက်ဖွင့်ထားဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက Mao Yin ကို မွေးစားခဲ့ပြီး ကျွေးမွေးပြုစုပျိုးထောင်ခဲ့တဲ့ စုံတွဲအကြောင်းကိုတော့ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။
တရုတ်နိုင်ငံနဲ့ ကလေးခိုးယူရောင်းချမှုများ
တရုတ်မှာ ကလေးငယ်တွေကို ခိုးယူပြီး ကုန်ကူးမှုဟာ ဆယ်စုနှစ်များကြာ ပြဿနာတစ်ရပ် ဖြစ်နေခဲ့ပါတယ်။ တရားဝင် စာရင်းအချက်အလက်တွေ မရှိပေမဲ့ Baby Come Back Home ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ ပျောက်ဆုံးနေတဲ့ ယောက်ျားလေး ကလေးငယ်ကို ရှာဖွေနေမှု ၁၄,၈၉၃ ခုနဲ့ မိန်းကလေး ကလေးငယ်တွေကို ရှာဖွေနေမှု ၇,၄၁၁ ခုရှိကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ခန့်မှန်းမှုအရ တရုတ်နိုင်ငံမှာ တစ်နှစ်လျှင် ကလေး ၂၀,၀၀၀ ခိုးယူခံနေခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၀၉ ခုနှစ်မှာ တရုတ်အစိုးရရဲ့ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက DNA အချက်အလက် database တစ်ခု စီစဥ်ပေးထားခဲ့ရာ ပျောက်ဆုံးနေတဲ့ ကလေး ၆,၀၀၀ ကျော်ကို ပြန်ရှာတွေ့ရန် အကူအညီ ဖြစ်ခဲ့ပါတယ်။ ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် မေလအတွင်းမှာ "Reunion" အမည်ရှိ စနစ်တစ်ခုကို ဖန်တီးအသုံးပြုခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ ထိုစနစ်ဖြင့် ကလေး ၄,၀၀၀ ကျော်ကို မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေခဲ့ကြောင်း သိရပါတယ်။
Source: Telegraph, SCMP, China Daily, BBC
Share