မင်းသန့်မောင်မောင်ဟာ ငယ်စဉ်ကတည်းက အနေအေးသူဖြစ်တာကြောင့် မိခင်ဖြစ်သူ မေသန်းနုအနေနဲ့ သားအပေါ် အားမရတာတွေရှိတယ်လို့ ဆိုပါတယ်။
Photo: Min Thant Mg Mg
သရုပ်ဆောင် မေသန်းနုကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူမအနေနဲ့ သားလေးကို ဒီအရွယ်မှာ သွက်သွက်လက်လက်ရှိစေချင်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
“ ယောင်္ကျားလေးဆိုတာက ကိုယ့်ပတ်ဝန်းကျင်၊ ဗဟုသုတ သိသင့်တဲ့ဟာတွေ သိရမှာပေါ့နော်။ တစ်ခါတလေကျရင် အားမရဘူး။ မဆင့်ဖြစ်စေချင်တာက ဒီခေတ်မှာ ပညာရေးတစ်ခုတည်းပဲ သိနေ တတ်နေလို့လည်း မရဘူးလေ။ ဒီခေတ်မှာ ဘာတွေဖြစ်နေတယ် ဆိုတာ သိထားဖို့လည်း လိုအပ်တယ်။ ယောင်္ကျားလေးဆိုတာမျိုးက သွက်လက်နေဖို့လည်း လိုအပ်တာပေါ့နော်” ဆိုပြီးတော့ မင်းသန့်မောင်မောင် ရဟန်းဝတ်တဲ့နေ့က ဖြေဆိုခဲ့တာပါ။
Photo: Min Thant Mg Mg
မင်းသန့်မောင်မောင်ဟာ မိဘတွေရဲ့ စကားကိုလည်း နားထောင်တတ်သူဖြစ်သလို ပညာရေးမှာလည်း ထူးချွန်သူ တစ်ဦးပါ။ သူဟာ ငယ်စဉ်ကတည်းက အနေအေးပြီး တစ်ယောက်တည်း နေတတ်တဲ့ ကလေးတစ်ယောက်ပါလို့ မေသန်းနုက ပြောလာပါတယ်။
“ လူတစ်ယောက်က မျိုးရိုးဗီဇနဲ့လည်း ဆိုင်တယ်။ အဖေအမေ ဆုံးမတာကို နာခံတတ်တဲ့ သားသမီးလည်း ရှိသလို မနာခံတတ်တဲ့ သားသမီးလဲရှိတယ်။ သူက ငယ်ငယ်လေးကတည်းက အေးအေးလေး နေတတ်တာ။ တစ်ယောက်တည်း သီးသန့်နေတတ်တာများတယ်။ တစ်ယောက်တည်းလည်း နေတာများတော့ ကြီးလာတဲ့ အချိန်မှာ လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်သွားတယ်။ ကြီးလာတဲ့အခါကျတော့ အပြင်တွေလည်း သိပ်မသွားဘူး။ အပေါင်းအသင်းလည်း နည်းတယ်" လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Min Thant Mg Mg
သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။