ကမ္ဘာကြီးပူနွေးလာစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို အပြင်းအထန် လျှော့ချသည့်တိုင် ၂၀၅၀ ပြည့်နှစ်အရောက်မှာ ကမ်းရိုတန်းဒေသရှိ မြို့ကြီးတွေနဲ့ ကျွန်းငယ်များဟာ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ် ကြုံတွေ့ရနိုင်တဲ့ ရာသီဥတုကပ်ဘေးကျရောက်မှုကို နှစ်စဉ် ကြုံတွေ့လာရနိုင်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ပြောပါတယ်။
(Photo: Reuters)
စက်တင်ဘာ ၂၅ ရက့်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ Intergovernmental Panel on Climate Change (IPCC) ရဲ့ အစီရင်ခံစာအရ ရာစုနှစ်လယ်ပိုင်းအရောက်မှာ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံဟာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်လေ့ရှိတဲ့နေရာတွေမှာ ရှိနေကြမှာဖြစ်ပြီး ကြီးမားတဲ့ ရေကြီးမှုနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ထူးကဲပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေကို ကြုံရနိုင်တယ်လို့ သိရပါတယ်။
ရေခဲပြင်ချပ်ကြီးများ အရည်ပျော်လာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဟာ ၂၀ ရာစုနှစ် ကာလမှာထက် ၂.၅ ဆ ပိုမြန်လာခဲ့တယ်လို့လည်း IPCC က ၂၀၀၅ ခုနှစ်ကတည်းက ထောက်ပြထားကြောင်း AFP သတင်းက ပြောပါတယ်။ အကယ်၍ ကာဗွန်ထုတ်လွှတ်မှု မလျော့ကျပါက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဟာ ၂၁၀၀ ပြည့်နှစ်အရောက်မှာ လေးဆပိုမြန်လာမယ်လို့လည်း IPCC က ပြောထားပါတယ်။
(Photo: AFP)
"ကာဗွန်ထုတ်လွှတ်မှုတွေကို အလေးမထားတာက ပင်လယ်ရေမျက်နှာပြင် ပိုမြင့်လာတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ကြုံတွေ့လာရစေပါတယ်၊ ရာသီဥတုကပ်ဘေးဆိုက်တဲ့ ပြဿနာတွေကို ဦးတည်စေနိုင်တဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဆိုတာ အလွန်အမင်းကြီး မြင့်တက်တာမျိုးမှ မဟုတ်ပါဘူး၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုက အေးအေးဆေးဆေး ဖြေရှင်းရမယ့် ပြဿနာမဟုတ်ပါဘူး၊ ဒါက ထူးကဲပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေ ကပ်ဆိုက်မှုပါ" လို့ IPCC အစီရင်ခံစာကို ပူးတွဲရေးသားသူ နယူးဇီလန်နိုင်ငံ Massey တက္ကသိုလ်မှ ပါမောက္ခ ဘရုစ်ဂလာဗိုဗစ်က ပြောပါတယ်။
(Photo: AFP)
"ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်နိုင်ရင်တောင်မှ ပင်လယ်သမုဒ္ဒရာတွေမှာ အဓိက အပြောင်းအလဲတွေကို ကျွန်တော်တို့ ဆက်ပြီး မြင်တွေ့ရမှာပါ" လို့ Laboratory for Climate and Environmental Sciences မှ သုတေသနပညာရှင်နဲ့ IPCC ပူးတွဲဥက္ကဋ္ဌ ဗလာရီယာ မက်ဆွန်ဒဲလ်မော့တီက ဆိုပါတယ်။