ပရဟိတဝန်ထမ်းတွေကို ရပ်ကွက်ထဲ အဝင်မခံတော့တဲ့ ဖြစ်ရပ်တွေ မွန်ပြည်နယ်ဖက်မှာ ဖြစ်ပွားနေတဲ့ အပေါ် ပြည်သူတွေအကြောက်မလွန်ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုခဲ့တာပါ။
ပြည်သူတွေအနေနဲ့ သတိရှိတာနဲ့ ကြောက်တာကို ကွဲပြားစေချင်ပြီး သတိရှိရင် အစွန်းမရောက်ဘဲ ကြောက်ရင်တော့ အစွန်းရောက်တတ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဧပြီလ ၁၅ရက်နေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်း စကားဝိုင်း အစီအစဥ်ကနေ သတိပေး ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ်ဖက်က ပရဟိတအဖွဲ့အစည်း၊ဆရာဝန်၊အုပ်ချုပ်ရေးပိုင်းတွေနဲ့ တွေ့ဆုံ စကားပြောတဲ့ အစီအစဥ်မှာ ပရဟိတဝန်ထမ်းတွေကို အကြောက်လွန်ပြီး ရပ်ကွက်ထဲ အဝင်မခံတဲ့ ပြည်သူတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
“တကယ်တော့ ပရဟိတဝန်ထမ်းတွေကို မလာပါနဲ့လို့ ပြောနေတဲ့ ရပ်ကွက်ထဲက လူတွေ ပတ်ဝန်းကျင်နဲ့တစ်ကယ် အဆက်ပြတ်နေနိုင်သလား?ကိုယ့်အလှည့်ကျရင် ကိုယ့်ပြန်ကြည့်မယ့်သူတွေ မရှိစေချင်ဘူးလား၊ အရင်က ကဗျာဆရာတစ်ယောက်ရေးထားတဲ့ ကဗျာတစ်ပုဒ်ရဲ့ အဓိပ္ပာယ်ရှိတယ်၊ အဲ့ဒါက လူတစ်ယောက်ဟာ တခြားသူတွေလာဖမ်းတော့ ငါနဲ့မဆိုင်ဘူး အမြဲလုပ်ခဲ့တော့ သူ့အလှည့်လည်းကျတော့ ဘယ်သူမှ မရပ်တည်ကြတော့ဘူး အကုန်လုံး အရင် အဖမ်းခံခဲ့ရကိုး။ ဒါကြောင့် ကိုယ့်အလှည့် သူ့အလှည့်ရှိတယ် ၊ဒါကို ပြည်သူတွေ နားလည်စေချင်တယ်။ သတိနဲ့ ကြောက်တတ်တာဟာ မတူဘူး သတိရှိရင် အစွန်းမရောက်ဘူး၊ ကြောက်ရင်တော့ အစွန်းရောက်တတ်တယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။
ဓာတ်ပုံ-Daw Khin Kyi Foundation
မွန်ပြည်နယ်ဖက်မှာတော့ COVID-19 ပရဟိတ ဝန်ထမ်းတွေကို ပြည်သူတွေက ရပ်ကွက်ထဲ အဝင်မခံတော့တာ ကြောင့် အားလုံးစုပေါင်းပြီး ရုံးမှာပဲ နေထိုင်းနေရတယ်လို့ ပရဟိတအဖွဲ့အစည်းတစ်ခုက ကိုဘိုဘိုဝင်းက နိုင်ငံ တော်အတိုင်ပင်ခံကို တင်ပြခဲ့တာပါ။
အခုလို Quarantine နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လုပ်အားဒါန ကုသိုလ်ပါဝင်ပေးနေတဲ့ ပရဟိတဝန်ထမ်းတွေကို ပြည်သူတွေက အသိအမှတ်မပြုရင်တောင် နိုင်ငံတော်က အသိအမှတ်ပြုပြီးတစ်နိုင်ငံလုံးက ပရဟိတ ဝန်ထမ်းတွေအတွက် နိုင်ငံတော်က ဘယ်လိုပုံစံမျိုးနဲ့ ကြည့်ရှုစောင့်ရှောက်နိုင်မလဲ၊ဘယ်လိုပံ့ပိုးပေး နိုင်မလဲဆိုတာကိုလည်း စီမံကီန်းတစ်ခုနေနဲ့ အမြန်ဆုံး လုပ်ဆောင်ပါမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့ ပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါပိုးရှိသူ ၇၄ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး သေဆုံးသူက ၄ဦးနဲ့ ရောဂါပိုး ပြန်လည် ပျောက်ကင်းသွားသူကတော့ ၂ဦးရှိပါပြီ။