ကုမ္ပဏီအတွင်းလူကို ဒေါ်လာ ၁ သန်းနီးပါး လာဘ်ထိုးခဲ့ပါတယ်။

အခကြေးငွေယူပြီး ဖုန်းတွေ Lock ဖြည်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အမေရိကန်တရားရုံးက ‌နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ 

မိုဟာမက် ဖာ့ဒ်ဆိုတ့ အသက် ၃၅ နှစ်အရွယ် ပါကစ္စတန်နဲ့ ဂရန်နာဒါ နိုင်ငံသားကို AT&T ကွန်ရက်က သန်းနဲ့ချီတဲ့ ဖုန်းတွေကို လော့ခ်ဖြည်ပြီး ဒေါ်လာသန်းနဲ့ချီ ပိုက်ဆံရှာခဲ့တာ ဖြစ်ပါတယ်။ ဖာ့ဒ်ဟာ ၂၀၁၂ ခုနှစ်က ဝါရှင်တန်ပြည်နယ် Bothell မှာ ရှိတဲ့ AT&T call စင်တာဝန်ထမ်းတစ်ဦးကို Facebook ကနေတစ်ဆင့် ဆက်သွယ်ပြီး ဖုန်းလော့ခ်ဖြည်မယ့်အစီအစဉ်ကို ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့လည်း Newsweek သတင်းက ဖော်ပြထားပါတယ်။



Photo: Gizmochina


AT&T ကွန်ရက်ဖုန်းတွေကို လော့ခ်ဖြည်ဖို့ ဖာ့ဒ်ဟာ အဲ့ဒီဝန်ထမ်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လာဘ်ထိုးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖုန်းကို Unlock လုပ်ခြင်းအားဖြင့် AT&T ကွန်ရက်ကနေ ဖယ်ရှားရာရောက်ပြီး ဖုန်းဖိုး အပြည့်အဝပေးစရာမလိုတော့အောင် လုပ်လိုက်တာပါ။ ဒီလို Unlock လုပ်နိုင်ဖို့ ဖာ့ဒ်ဟာ AT&T Call Center က ဝန်ထမ်းကို ကုမ္ပဏီရဲ့ Locking Software ကို ပိတ်ဖို့ ငွေပေးခဲ့တာပါ။

၂၀၁၃ မှာ AT&T ဟာဖုန်း IMEI နံပါတ်တွေကို unlock လုပ်ဖို့ ပိုခက်အောင် ဖန်တီးထားတဲ့ Unlocking System သစ် တပ်ဆင်ပြီးနောက် ဖာ့ဒ်ဟာ developer တစ်ယောက်ငှားပြီး AT&T ကွန်ရက်ထဲ malware ထည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ AT&T ဝန်ထမ်းက ဖာ့ဒ်နဲ့ပေါင်းပြီး စနစ်ထဲက သတင်းအချက်အလက် ရယူခွင့်နဲ့ တခြားဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့်ကို ပေးတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အတွင်း ကုမ္ပဏီအတွင်းလူ ၃ ဦးကို ဖာ့ဒ်လာဘ်ထိုးတဲ့ငွေဟာ ဒေါ်လာ ၉၂၂၀၀၀ ရှိတယ်လို့လည်း ဆိုပါတယ်။ 

AT&T ရဲ့ အခင်းဖြစ်ပွားမှုလေ့လာချက်မှာ ဖာ့ဒ်နဲ့ သူ့အပေါင်းအပါတွေဟာ ဖုန်းပေါင်း ၁.၉ သန်းကျော်ကို လော့ခ်ဖြည်ခဲ့တာကြောင့် ကုမ္ပဏီအနေနဲ့ ဒေါ်လာသန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖာ့ဒ်ဟာ တရားမဝင်ဖုန်းလော့ခ်ဖြည်တဲ့ ဝန်ဆောင်မှုကို အွန်လိုင်းလက်လီသမားတွေကနေတစ်ဆင့် ရောင်းချခဲ့ပြီး ဒေါ်လာသန်းနဲ့ချီ ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလို ရှာတဲ့ငွေနဲ့ တစ်ညဒေါ်လာ ၁၀၀၀ ပေးရတဲ့ ဒူဘိုင်းက ဟော်တယ်တွေမှာ တည်းခိုတာ ၊ ဒေါ်လာ ၃ သောင်းတန် နာရီဝယ်တာ အပြင် ဗြိတိန်အဆိုတော် ဂျေရှောင်ကို သူ့မင်္ဂလာပွဲမှာ သီချင်းဆိုဖို့ ဒေါ်လာ ၁ သိန်းအထိ သုံးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဖုန်းလော့ခ်ဖြည်တဲ့ အလုပ်ကနေ ဖာ့ဒ်ဟာ အနည်းဆုံး ဒေါ်လာ ၅.၃သန်း အထိ ရှာနိုင်ခဲ့ဖို့ ရှိပါတယ်။ 


Photo: arstechnica

အမေရိကန်တရားရေးဌာနရဲ့ အဆိုအရ သူ့ကို စုံစမ်းစစ်ဆေးမှု လုပ်နေချိန်မှာတောင် မိုဟာမက် ဖာ့ဒ်ဟာ ဒီပြစ်မှုကို ၇ နှစ်တိုင် ဆက်ပြီး ကျူးလွန်ခဲ့တယ်လို့လည်း Engadget သတင်းက ဖော်ပြထားပါတယ်။ ဖာ့ဒ်ကို ၂၀၁၈ ဖေဖော်ဝါရီလထဲက ဟောင်ကောင်မှာ ဖမ်းဆီးမိပြီး ၊ ၂၀၁၉ မှာ အမေရိကန်နိုင်ငံဆီ လွှဲပြောင်းခဲ့တာပါ။ ၂၀၂၀ မှာ ကွန်ရက်စနစ်ချိုးဖောက်ရေးပူးပေါင်းကြံစဉ်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ 

၂၀၂၁ စက်တင်ဘာ ၁၆ ရက်နေ့မှာ သူ့ကို ‌တရားရေးဌာန DOJ က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။

Share

Loading Next Article...
က္က