အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မက်ဟမ်တန်အရပ်မှာ စနေနေ့ (ဇူလိုင် ၁၃ ရက်) ညပိုင်းက ထူးထူးခြားခြား ငါးနာရီခန့်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပြီး မြို့ရဲ့နေရာအများအပြားမှာ အမှောင်ကျသွားခဲ့ပါတယ်။
(Photo: David Dee Delgado/Getty Images)
ဓာတ်အားပြတ်တောက်မှုက နယူးယော့ခ်မြို့ Upper West Side မှာ မြေအောက်ရထားဘူတာရုံတွေနဲ့ လမ်းမီးတိုင်တွေကို သက်ရောက်မှုဖြစ်ခဲ့ပြီး အမှောင်ကျနေခဲ့ပါတယ်။ စွမ်းအင်ကုမ္ပဏီ Con Edison ရဲ့ ထုတ်ပြန်မှုအရ မက်ဟမ်တန်မှာ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းနေရာ ၇၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့တယ်လို့ သိရပါတယ်။
ဓာတ်အားပြတ်တောက်မှုကြောင့် မြေအောက်ရထားစနစ် ရပ်ဆိုင်းရမှုတွေဖြစ်ပြီး ဓာတ်လှေခါးအတွင်း လူများ ပိတ်မိခဲ့ကြကြောင်း BBC သတင်းကပြောပါတယ်။ ယခု ဓာတ်အားပြတ်တောက်မှုဟာ နယူးယော့ခ်မှာ ၁၉၇၇ ခုနှစ်က ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ဓာတ်အားပြတ်တောက်ပြီး လုယက်မှုနဲ့ မီးရှို့မှုတွေ နေရာအနှံ့အပြား ဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
(Photo: Timothy A. Clary/AFP/Getty Images)
ဒေသစံတော်ချိန် ယမန်နေ့ ညသန်းခေါင်မတိုင်မီမှာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ကြောင်း Con Edison ကုမ္ပဏီအကြီးအကဲ John MacAvoy က ပြောပါတယ်။ Upper West Side မှာရှိနေခဲ့တဲ့ Reuters သတင်းဌာန မျက်မြင်တစ်ဦးရဲ့ ပြောကြားမှုအရ ည ၇ နာရီခန့်မှာ ပေါက်ကွဲသံတစ်ခု ကြားခဲ့ရပြီးနောက် မီးပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ နယူးယော့ခ်ရဲ့ လူနေအထူထပ်ဆုံး နေရာတွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားရတဲ့အကြောင်းရင်ကို စုံစမ်းစစ်ဆေးနေကြောင်း နယူးယောခ့်မြို့ မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
(Photo: Jeff Bachner/for New York Daily News)
"နယူးယော့ခ်မီးသတ်ဌာနက West Side နေရာအနှံ့အပြား ဓာတ်လှေခါးတွေထဲမှာနဲ့ မြေအောက်ရထားတွေပေါ်မှာ ပိတ်မိခဲ့သူ အတော်များများကို အပြင်ထုတ်ပေးနေတယ်" လို့ ၎င်းကဆိုပါတယ်။ နယူးယော့ခ် မြေအောက်ရထားစနစ် တာဝန်ရှိသူတွေက Con Edison ကုမ္ပဏီနဲ့အတူ ဓာတ်အားပြတ်တော်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို သိရှိနိုင်ရန် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဓာတ်အားပြတ်တောက်မှုကြောင့် Midtown နဲ့ Upper West Side မှာ မြေအောက်ရထားစနစ်တွေကို သက်ရောက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လမ်းမတွေမှာလည်း မီးပွိုင့်မီးတွေပျက်နေခဲ့ပါတယ်။
"ဘူတာရုံအချို့မှာ ဓာတ်အားပြတ်တောက်နေပြီး အဲဒီ ဘူတာရုံတွေကို ရထားအားလုံး ရှောင်ကွင်းသွားခဲ့ကြတယ်" လို့ မြေအောက်ရထားဝန်ဆောင်မှု ကုမ္ပဏီက Twitter မှာ ပြောထားပါတယ်။ လျှပ်စစ်ဓာတ်အားကုမ္ပဏီ Con Edison ကလည်း "နယူးယော့ခ်မြို့ မက်ဟမ်တန်ရဲ့ Westside မှာ ဓာတ်အားပြတ်တောက်မှုတွေ နေရာအနှံ့အပြား ဖြစ်နေပါတယ်၊ နောက်ထပ် သတင်းအချက်အလက်တွေ သိရှိလာရင် ထုတ်ပြန်သွားပါမယ်၊ ကျေးဇူးတင်ပါတယ်" လို့ Twitter မှာ ရေးသားထားပါတယ်။