ဗီလာရီးရဲယ်နဲ့ပွဲအတွက် သေချာအာရုံစိုက်ဖို့ ကာရစ်က ကစားသမားတွေကို သတိပေးခဲ့တာပါ။

ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူထားတဲ့ မိုက်ကယ်ကာရစ်က ဆိုးလ်ရှားထွက်သွားရလို့ သူကိုယ်တိုင်ရော၊ ကစားသမားတွေပါ ကြေကွဲရပေမယ့် ဒီညကစားမယ့် ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲကို သေချာအာရုံစိုက်ဖို့ ကစားသမားတွေကို တွန်းအားပေးခဲ့ပါတယ်။



ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ယူနိုက်တက်တို့ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှား ရာထူးက အထုတ်ခံခဲ့ရတာပါ။ အဲ့ဒီနောက်မှာ ယူနိုက်တက်က ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး နောက်ထပ် ယာယီနည်းပြတယောက် ထပ်မံရှာဖွေနေပါတယ်။

ဗီလာရီးရဲယ်နဲ့ပွဲကိုတော့ ကာရစ်ကပဲ တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး ဒီပွဲရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကာရစ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ကာရစ်က “အသင်းမှာရှိတဲ့ လူတိုင်းအတွက် စိတ်ထိခိုက်ရတဲ့ အချိန်တွေပါ။ ကျနော် ဆိုးလ်ရှားနဲ့ (၃) နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး သူ့အကြောင်းရော၊ သူ့တန်ဖိုးကိုရော၊ သူယုံကြည်တဲ့အရာတွေရော၊ လူတွေအပေါ် သူ ဘယ်လိုဆက်ဆံတယ်ဆိုတာတွေကို ကျနော်သိခဲ့ပါတယ်”

“ဆိုးလ်ရှား ထုတ်ခံရတဲ့သတင်းက ကျနော့်အတွက်ရော၊ အသင်းမှာရှိတဲ့လူတွေအတွက်ပါ ခက်ခဲကြမ်းတမ်းခဲ့တာပေါ့။ ဆိုးလ်ရှား အသင်းကို နှုတ်ဆက်သွားတဲ့အချိန်မှာ သူ့အတွက် လူတိုင်းက ဘယ်လောက်အထိ အရေးပါလဲ သိခဲ့ရပါတယ်။ ကျနော်တို့ရော၊ ဆိုးလ်ရှားရော ဒီရလဒ်တွေနဲ့ ပတ်သက်လို့ ကောင်းကောင်းနားလည်ပါတယ်”

“ခိုင်မာမှန်ကန်တဲ့ အုတ်မြစ်တခုကို ချမှတ်တယ်၊ ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးခဲ့တယ်၊ ဒါပေမယ့် တခါတလေ ခင်ဗျားတို့လည်း ကိုယ်နဲ့ထိုက်သင့်သလောက် ပြန်မရတတ်ကြပါဘူး။ တခြားတဖက်ကို လှန်ကြည့်လိုက်ရင်တော့ ဘောလုံးက ဘောလုံးပါပဲ။ ဒီတော့ ကျနော်တို့ ဗီလာရီးရဲယ်နဲ့ပွဲအတွက် သေချာပြင်ဆင်ရမှာပေါ့”

“ကျနော့်အတွက် ဒီနေရာ (ယူနိုက်တက်နည်းပြထိုင်ခုံ) မှာ ထိုင်ခွင့်ရတာက အခွင့်ထူးခံအနေအထားမျိုးပါ။ ဒီအတွက် တာဝန်တွေယူရမှာကို ကျနော်သိပါတယ်။ အခုချိန်မှာ ကျနော်တို့ရဲ့ စိတ်ကို လျင်လျင်မြန်မြန်နဲ့ ပွဲအပေါ် အာရုံစိုက်နိုင်ဖို့ ပြောင်းလဲပစ်ရပါမယ်။ အသင်းသမိုင်းအတွက် ဒါကို ကောင်းကောင်းလုပ်နိုင်ခဲ့ပြီးသားပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က