နာမည်ကျော်စပိန်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆို ကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ မနေ့ညက USG ကို အဝေးကွင်းမှာ ၁-၄ နဲ့ ဂိုးပြတ်အနိုင်ယူကာ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆရာဟောင်းမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။
လေဗာကူဆင်ကို သူ တာဝန်ယူချိန်မှာ အသင်းက တန်းဆင်းဇုန်ထဲကို ရောက်နေခဲ့တာပါ။ သူကိုင်တွယ်ပြီးနောက်မှာတော့ -
ဘွန်ဒက်လီဂါမှာ အဆင့် ၆
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်
၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပြီး ဥရောပမှာ ရှင်သန်ကျန်ရစ်နေတဲ့ တခုတည်းသော ဂျာမန်ကလပ် ဖြစ်လာခဲ့ပါတယ်။
ဒါတွေဟာ ဇာဘီအလွန်ဆိုရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါ။ သူလည်းပဲ အားလုံးရဲ့ စောင့်ကြည့်ရေဒါတွေအောက်က လွတ်မြောက်နေချိန်မှာ သူ့အလုပ်ကို အကောင်းဆုံးလုပ်ပြနေခဲ့ပါတယ်။ အစောပိုင်းကာလမှာ အသင်းက ရလဒ်ပိုင်းမတည်ငြိမ်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လေဗာကူဆင်က ပိုပိုပြီးကောင်းမွန်တဲ့ အသင်းတသင်းဖြစ်လာခဲ့ပါတယ်။
သူ့လက်ထက်မှာ ဘိုင်ယန်မြူးနစ်ကို ၂-၁ နဲ့ပါ အနိုင်ယူနိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့တာပါ။ နည်းပြဘ၀ကို အလွန်ဆိုက အကောင်းဆုံးစတင်နေတာဖြစ်ပြီး ဘောလုံးလောကအတွက် စပိန်နည်းပြကောင်းတဦး ထွက်ပေါ်လာဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။
ဒီရာသီမှာ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ကစားသမားဟောင်းကြီးတွေက နည်းပြအဖြစ်နဲ့ ထူးထူးခြားခြားအောင်မြင်မှုတွေရှိနေခဲ့ပါတယ်။ အင်္ဂလန်ချန်ပီယံရှစ်မှာ ဗင်းဆင့်ကွန်ပနီက ဘန်လေ၊ မိုက်ကယ်ကာရစ်က မစ်ဒယ်ဘရော့တို့ကို ကိုင်တွယ်ကာ ရလဒ်ကောင်းတွေပိုင်ဆိုင်ခဲ့ပြီး အားလုံးရဲ့ ချီးကျူးအသိအမှတ်ပြုမှုကို ရရှိနေခဲ့ပါတယ်။