မန်ချက်စတာယူနိုက်တက်ကတော့ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ၀-၂ နဲ့ အနိုင်ရပြီး အဆင့် ၃ နေရာကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ပိုပြီးကျေနပ်စရာကောင်းခဲ့တာကတော့ မာတီနက်ဇ်နဲ့ ဗာရန်းတို့ မပါဝင်ဘဲ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ ခံစစ်အတွဲကို ထည့်သွင်းခဲ့ပေမယ့် ပေးဂိုးမရှိခဲ့တာဖြစ်ပြီး တန်ဟက်ဂျ်အတွက် ပြည့်စုံနဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် အန်တိုနီက ခြေစွမ်းပြခဲ့ပြီး တဂိုးသွင်းကာ ဒါလော့အတွက် တကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ဖောရက်စ်ကတော့ တန်းဆင်းဇုန်ဖိအားရှိပေမယ့် အိမ်ကွင်းမှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ ယူနိုက်တက်ကသာ ပွဲကိုစိုးမိုးထားခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုရမှာဖြစ်ပြီး deep lying player အဖြစ် နေရာစုံလိုက်ကစားပေးသွားခဲ့ပါတယ်။
ဒီပွဲမှာ အားလုံးက မက်ဂွိုင်းယားကိုစောင့်ကြည့်နေခဲ့ကြပြီး ဘယ်လိုအမှားတွေလုပ်မလဲဆိုတာကို မျှော်လင့်ခဲ့ကြတာပါ။ ပွဲချိန်အစောပိုင်းမှာပဲ သူ အဝါကတ်ထိခဲ့သလို ဧရိယာအတွင်းမှာလည်း ခေါင်းချင်းယှဉ်တိုက်ရာကနေ လက်နဲ့ထိခဲ့လို့ ပင်နယ်တီပေးရမလား စောင့်ဆိုင်းခဲ့ရပြီး ကွင်းလယ်ဒိုင်က ပွဲကိုဆက်ကစားစေခဲ့လို့သာ သက်သာသွားခဲ့ရတာဖြစ်ပါတယ်။
ဖောရက်စ်နဲ့ ရင်ဆိုင်ရတာကြောင့် ဂိုးမပေးရတာလို့ ဆိုနိုင်ပေမယ့် ဒီရလဒ်က မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့အတွက် ကိုယ့်ကိုကိုယ်အားတက်စေမှာပါ။ သူတို့နှစ်ဦးအတွဲအဖက်ကို အားလုံးက အထင်သေးနေခဲ့ပြီး လှောင်ပြောင်နေတာမို့ ဒီလိုမျိုး ပေးဂိုးမရှိအောင် ကစားပြနိုင်ခဲ့တာက အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့မှုလည်း ဖြစ်ပါလိမ့်မယ်။