ဒီရာသီမှာ အင်တာမီလန်က ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်၊ လူကာကူ၊ အဲရစ်ဆန်၊ အက်ရှ်လေယန်းတို့ကို ခေါ်ယူထားသလို ချယ်လ်ဆီးကစားသမားဟောင်း မော့ဆက်ကိုလည်း ခေါ်ယူထားခဲ့ပါတယ်။
အင်တာမီလန်နည်းပြကွန်တီဟာ သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားတွေ ခေါ်ယူနေမှုကို အဆုံးမသတ်နိုင်သေးဘဲ အာဆင်နယ်ညာနောက်ခံလူဟက်တာဘယ်လာရင်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ ၂၀၁၁ ကတည်းက အာဆင်နယ်ကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။
ချယ်လ်ဆီးနည်းပြဟောင်းအနေနဲ့ အင်တာမီလန်ကို ပရီးမီးယားလိဂ်ကစားသမားတွေ ခေါ်ဆောင်ပြီး ဆုဖလားစိန်ခေါ်နိုင်တဲ့ အဆင့်ဖြစ်လာအောင် ပထမဆုံးရာသီမှာပဲ တည်ဆောက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျူဗီနဲ့ ရမှတ် ၉ မှတ်အထိ ကွာဟနေပြီဖြစ်ပြီး လာမယ့်ရာသီမှာ ပိုမိုကောင်းမွန်တဲ့ ယှဉ်ပြိုင်နိုင်မှုဖြစ်အောင် ကွန်တီက ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
ဘယ်လာရင်ကတော့ အာဆင်နယ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းကထွက်ခွာချင်တဲ့ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လပေါင်းများစွာအနားယူခဲ့ရပြီး ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားပေးထားနိုင်ခဲ့ကာ သူ့ရဲ့အနာဂတ်ကလည်း လှုပ်ခတ်နေခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်က ဘယ်လာရင်အတွက် ပေါင် ၂၇ သန်းသတ်မှတ်ထားပြီးတော့ ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်နည်းပြအာတီတာကတော့ ဘယ်လာရင်ကို အသင်းရဲ့အနာဂတ်တွေထဲမှာ အရေးကြီးနေရာက ပါဝင်တယ်လို့ သတ်မှတ်ထားပေမယ့် အသင်းဘဏ္ဍာရေးအခြေအနေကြောင့် အာဆင်နယ်က ရောင်းချသွားနိုင်ချေရှိတယ်လို့ သိရပါတယ်။