လူကာကူဟာ အင်တာမီလန်မှာ တစ်နှစ်လုပ်ခပေါင် (၆.၆)သန်းအထိ ရရှိမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်တယ်လို့ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Gazzetta dello Sport က ဖော်ပြသွားခဲ့ပါတယ်။ လူကာကူဟာ အင်တာမီလန်မှာ တစ်နှစ်လုပ်ခပေါင် (၆.၆)သန်းအထိ ရရှိမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။
အင်တာနည်းပြသစ်အဖြစ် ကွန်တီခန့်အပ်ခံရပြီးနောက် လူကာကူကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ကာ ကစားသမားကို အိုးထရက်ဖို့ဒ်ကနေ ဆန်စီရိုကို ပြောင်းရွှေ့လာဖို့အတွက် အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းဖိ့ုသာ ကျန်ရှိတော့ပြီး ယူနိုက်တက်ဘက်က လူကာကူအတွက် ပေါင် (၆၂)သန်းအထိ အလိုရှိနေပါတယ်။
အသက် (၂၆)နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ နည်းပြဆိုးလ်ရှားလက်အောက်မှာ ပွဲကစားချိန်နည်းပါးလာခဲ့ရပြီး မားကပ်ရက်ရှ်ဖို့ဒ်က ဗဟိုတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့် ရနေခဲ့ပါတယ်။ စီးရီးအေပြိုင်ပွဲတွေကို စိတ်ဝင်စားကြောင်းနဲ့ ပြောင်းရွှေ့ကစားဖို့အတွက် ဆန္ဒရှိတယ်လို့လည်း လူကာကူက မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
"စီးရီးအေက ကျွန်တော့်ရဲ့ အကြိုက်ဆုံးလိဂ်တစ်ခုပါ၊ အီတလီကို ကျွန်တော် ချစ်မြတ်နိုးပါတယ်၊ ရော်နယ်ဒို စီးရီးအေကို ရောက်ရှိလာခဲ့ပြီးနောက်မှာ အဲဒီလိဂ်က ထိပ်တန်းလိဂ်တစ်ခုအဖြစ် ပြန်လည်အသွင်ပြောင်းခဲ့ပြီလို့ ကျွန်တော်ထင်တယ်၊ ကွန်တီကို အင်တာနည်းပြသစ်အဖြစ်မြင်ရတာ တကယ်ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်နေလို့ပါ" လို့ ပြီးခဲ့တဲ့အပတ်အတွင်းမှာ လူကာကူက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ကတော့ လူကာကူကို ပြန်လည်ရောင်းချပြီး နွေရာသီဈေးကွက်အတွင်းမှာ ကစားသမားဝယ်ယူဖို့အတွက် ငွေကြေးရရှိမယ်လို့ မျှော်လင့်နေပါတယ်။ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ဆိုးလ်ရှားက ပြောဆိုထားပြီး လက်ရှိမှာ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူထားပြီး နောက်ထပ်ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။