ကမ္ဘာပေါ်မှာ အင်တာနက်ဆိုတဲ့ ကမ္ဘာ့ကွန်ပျူတာကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာအောင် ပထမဆုံးဒီဇိုင်းဆွဲ တည်ဆောက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ အမေရိကန်သိပ္ပံပညာရှင် ဒေါက်တာ လယ်ရီရောဘတ်စ်ဟာ အသက် ၈၁ နှစ်အရွယ် ဒီဇင်ဘာ ၂၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။
အင်တာနက်ခေတ် ရှေ့ဆောင်ပုဂ္ဂိုလ်ကျော် ၄ ဦး (Photo:BBC)
၁၉၆၀ ပြည့်လွန်နှစ်များက ပင်တဂွန်ရဲ့ အဆင့်မြင့် သုတေသနပရောဂျက်အေဂျင်စီ (Arpa) မှာ ပရိုဂရမ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လယ်ရီဟာ ARPAnet လို့ခေါ်တဲ့ ကွန်ပျူတာကွန်ရက်တစ်ခု ဖန်တီးခွင့်ရခဲ့တာပါ။ ဒီအလုပ်ကနေ သူဟာ အင်ဂျင်နီယာတွေကို ခေါ်ယူပြီး စနစ်လည်ပတ်ဖို့လိုအပ်တဲ့ ဆော့ဖ်ဝဲလ်နဲ့hardware တွေကို တည်ဆောက်ခြင်း ၊ စမ်းသပ်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ ARPAnet ဟာ ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ အင်တာနက်ဖြစ်လာဖို့နည်းပညာတွေနဲ့ရှေ့ဆောင်လမ်းပြခဲ့ပါတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။
ဒေါက်တာ လယ်ရီရောဘတ်စ်ကို အင်တာနက်ဖခင်ကြီး ၄ ဦးအဖြစ် ဘော့ပ်ခတ်မ်၊ ဗင့်ဆာ့ဗ် နဲ့လန်ကလိန်ရော့ခ်တို့နဲ့အတူ အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ ဓါတုဗေဒပညာရှင်မိဘနှစ်ပါးရဲ့ သားဖြစ်တဲ့ သူဟာ အီလက်ထရောနစ်နယ်ပယ်ကို လေ့လာဖို့ရွေးချယ်ခဲ့ပါတယ်။ ကွန်နက်တီကပ်မှာ မွေးတဲ့ လယ်ရီရောဘတ်စ်ဟာ MIT မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ဘွဲ့ရခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ PhD ဘွဲ့ရခဲ့ပါတယ်။
ဒီနေ့ချိန်မှာ DARPA လို့ခေါ်တဲ့ ပင်တဂွန်ရဲ့ အဆင့်မြင့်သုတေသနပရောဂျက်ကနေ သူထွက်လာပြီးနောက် ဆယ်နှစ်အကြာ ၁၉၈၃ ခုနှစ်မှာ ARPAnet ဟာ အင်တာနက်ကွန်ရက်ထဲ ပေါင်းစည်းခဲ့ပါတယ်။ ဒေါက်တာရောဘတ်စ်ကတော့ အဲဒီအချိန်မှာ packet switching တွေ သုံးတဲ့ networking ကုမ္ပဏီ Telenet မှာ CEO အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူနဲ့ကုမ္ပဏီတည်ထောင်သူများဟာ Telenet ကို ဒေါ်လာ သန်း ၆၀ နဲ့GTE ကို ရောင်းချခဲ့ပါတယ်။
Photo: interestingengineering
ဒေါက်တာရောဘတ်စ်ဟာ ၂၀၀၁ ခုနှစ်မှာ အင်တာနက်ဖွံ့ဖြိုးရေးမှာ ပါဝင်ခဲ့မှုအတွက် Draper ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၂၆ ရက် အသက် ၈၁ နှစ်မှာ သူနေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ် ရက်ဒ်ဝုဒ်စီးတီးက နေအိမ်မှာပဲ နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။