ပြီးခဲ့တဲ့နှစ်က အင်တာနက်နဲ့ လူမှုကွန်ရက်များ ပြတ်တောက်သွားခြင်းဟာ ကမ္ဘာနဲ့အဝှမ်း ဒေါ်လာ ၈ ဘီလျံအထိ ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာ နိင်ငံပေါင်း ၂၁ နိုင်ငံမှာ အင်တာနက်လိုင်းကျမှုပေါင်း ၁၂၂ ကြိမ် ကြုံခဲ့ရတယ်လို့ လန်ဒန်အခြေစိုက် VPN ဝန်ဆောင်မှုများကို ကြည့်ရှုတဲ့ Top10VPN.com ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ လိုင်းကျတဲ့ ကြာချိန်ဟာ စုစုပေါင်း ၁၈၂၂၅ နာရီကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။
"အင်တာနက်လိုင်း ပြတ်တောက်မှုဟာ ဒီဂျစ်တယ်စီးပွားရေးတစ်ခုလုံးကို ရပ်တန့်သွားစေခဲ့တယ်" လို့ Top10VPN ရဲ့ ဒီဂျစ်တယ်အခွင့်အရေးဦးဆောင်သူ ဆင်မြူရယ်ဝုဒ်ဟမ်းစ်က ပြောပါတယ်။ အင်တာနက်လိုင်းကျခြင်းဟာ လူမှုကွန်ရက်ပလက်ဖောင်းတွေနဲ့ မိုဘိုင်းငွေကြေးလွှဲပြောင်းမှုမှာ စီးဆင်းနေတဲ့ ငွေကြေးစီးဆင်းမှု ထိခိုက်စေသလို ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးစေတယ်လို့ ဝုဒ်ဟမ်းစ်က ဆိုပါတယ်။
Photo: Dhaka Tribune
ဇူလိုင်လဆန်းပိုင်းက Facebook နဲ့ Instagram ၊ WhatsApp စတဲ့ လူမှုကွန်ရက်တွေဟာ ၈ နာရီကျော်ကြာ လိုင်းကျမှုနဲ့ ကြုံခဲ့ပါတယ်။ မတ်လလယ်ကတော့ Facebook social apps တွေဟာ အချိန်အကြာဆုံး ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ၂၄ နာရီနီးပါးကြာမြင့်တဲ့ Facebook apps များ ပြတ်တောက်မှုကို မြန်မာအပါအဝင် နယူးအင်္ဂလန် ၊ တက္ကဆက် ၊ ဆီယက်တဲလ် ၊ ဝါရှင်တန် ၊ လက်တင်အမေရိက ၊ ပီရူး ၊ ယူကေ ၊ အိန္ဒိယ ၊ ဖိလစ်ပိုင် ၊ ကနေဒါ ၊ လာ့စ်ဗီးဂတ်စ် ၊ တူရကီစတဲ့ နိုင်ငံတွေမှာလည်း ကြုံတွေ့ခဲ့တာပါ။
လိုင်းပြတ်တောက်မှုကြောင့် စီးပွားရေး ထိခိုက်မှုအများဆုံးကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း ဒေသများ ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ ဒေါ်လာ ၃.၁ ဘီလျံအထိ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အင်တာနက်ဖြတ်တောက်မှုကြောင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့စီးပွားရေးထိခိုက်မှုဟာ ၂၀၁၆ ဇွန် ၃၀ မှာ တွက်ချက်ခဲ့တဲ့ တစ်နှစ်တာ ကုန်ကျစရိတ်ဒေါ်လာ ၂.၄ ဘီလျံထက် ၂၃၅% ပိုပြီး မြင့်မားလာတာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း အီရန်နဲ့ အီရတ်အပါအဝင် နိုင်ငံတစ်ချို့ဟာ အစိုးရဆန့်ကျင်ရေးများကို သတင်းဖြတ်တောက်ဖို့ အင်တာနက်လိုင်း ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာ အစိုးရတွေ လုပ်ဆောင်နေတဲ့ အင်တာနက်ဖြတ်တောက်မှုများ အရှိန်မြင့်နေချိန်မှာ Top10VPN ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။