အီတလီမှာ ပထမဆုံး နောက်ခြေထောက်အတုနှစ်ချောင်း အောင်မြင်စွာ တပ်ဆင်ပေးနိုင်ခဲ့တဲ့ ခြောက်နှစ်သားအရွယ် ကြောင်းလေးတစ်ကောင်က အင်တာနက်မှာ နာမည်ကြီးနေပြီး စူပါစတားဖြစ်နေပါတယ်။
(Photo: VituzzoSuperstar/IG)
ဗစ်တို သို့မဟုတ် ဗစ်တူဇို (Vito or Vituzzo) လို့ အမည်ပေးထားတဲ့ ကြောင်လေးဟာ ၎င်းရဲ့ပိုင်ရှင်စုံတွဲက ဟန်းနီးမွန်းခရီးထွက်နေစဥ် မီလန်မြို့မှာ ကားတိုက်ခံရပြီး နောက်ခြေထောက်နှစ်ချောင်းကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ ပိုင်ရှင်စုံတွဲဖြစ်တဲ့ အမျိုးသမီး ဘတ်စကက်ဘောကစားသမားဟောင်း ဆေးလ်ဗီယာဂေါ့တာဒီနဲ့ သူမရဲ့ လိင်တူဇနီးသည် လင်ဒါရွန်ဇိုနီတို့ဟာ ဗစ်တိုရဲ့ မတော်တဆမှုသတင်းကြားပြီးနောက် ချက်ချင်းပင် အိမ်ကိုပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: VituzzoSuperstar/IG)
ဗစ်တိုရဲ့အကြောင်းကို ဆိုရှယ်မီဒီယာမှာ hashtag #vituzzosuperstar ဖြင့် မျှဝေမှုများစွာလည်း ရှိခဲ့ပါတယ်။ ဗစ်တိုကို နောက်ခြေထောက် အတုနှစ်ချောင်း တပ်ဆင်ပေးခြင်းကဲ့သို့ ခွဲစိတ်ကုသမှုမျိုးကို ယခင်က အီတလီမှာ အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့တာ မရှိဘူးလို့ဆိုပါတယ်။ ဗစ်တိုကဲ့သို့ အလားတူ မတော်တဆမှုကြောင့် နောက်ခြေထောက်နှစ်ချောင်းလုံး ပြတ်တောက်ခဲ့တဲ့ ကြောင်တွေကို ညင်သာစွာဖြင့် အသက်ထွက်စေရန် မကြာခဏ စီစဥ်ပေးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။
(Photo: VituzzoSuperstar/IG)
အီတလီမှာ ပထမဆုံးအဖြစ် နောက်ခြေထောက် အတုနှစ်ချောင်း အောင်မြင်စွာ တပ်ဆင်ပေးနိုင်ခဲ့တဲ့ ကြောင်လေးဗစ်တိုက ယခုအခါမှာတော့ နေအိမ်မှာ လှည့်လည်သွားလာနေတာကို ၎င်းရဲ့ Instagram နဲ့ Facebook အကောင့်တွေမှာ မြင်တွေ့နေပါပြီ။ ပိုင်ရှင်တွေဖြစ်တဲ့ ဆေးလ်ဗီယာနဲ့ လင်ဒါတို့ကလည်း ဗစ်တိုနဲ့အတူ လတ်တလော ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို Instagram မှာ လွှင့်တင်ထားပြီး မိသားစုဓာတ်ပုံလို့ ပုံစာအညွှန်း ရေးသားထားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ သီးနှံရိတ်စက်တစ်ခုနဲ့ မတော်တဆမှုဖြစ်ပြီး နောက်ခြေထောက် အတုနှစ်ချောင်း ပထမဆုံး တပ်ဆင်နိုင်ခဲ့တဲ့ အော်စကာအမည်ရှိ ကြောင်လေးတစ်ကောင်ကို အတုယူကာ ဗစ်တိုကိုလည်း ခြေထောက်အတု တပ်ဆင်ပေးရန် လုပ်ဆောင်ခဲ့ကြတယ်လို့ ဆေးလ်ဗီယာနဲ့ လင်ဒါတို့က ပြောပါတယ်။