အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က အနီရောင်အဆင့်သတ်မှတ်ထားတဲ့ တရားခံပြေး တရုတ်အမျိုးသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်။
Photo - Ministry of Home Affairs
ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရုတ်နိုင်ငံသား Liang Xiaolei ဆိုသူကို မြန်မာရဲတွေက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
သူဟာ တရုတ်နိုင်ငံ Ning Bo မြို့၊ Gao Xin ရပ်ကွက် စီမံခန့်ခွဲရေးကော်မတီမှ ပေးချေတဲ့ မြေယာပြန်ဝယ်ယူရန် ယွမ် ၆၀ သိန်းကျော်ကို လက်ခံရယူခဲ့ပြီး ဝင်ငွေခွန်ယွမ် ၁၀ သိန်း ကျော် ပေးဆောင်ရန်ပျက်ကွက်ခဲ့လို့ Ning Bo မြို့တရားရုံးကနေ ဖမ်းဝရမ်းထုတ်ဆင့်ထားသူ တရားခံပြေး ဖြစ်သလို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) ကနေ အနီရောင် ဖမ်းဝရမ်း(Red Notice) ထုတ်ပြန်ထားသူဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း သူ့ကို ဖမ်းဆီးပေးဖို့ မေတ္တာရပ်ခံထားတာကြောင့် အခုဖမ်းဆီးပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားရှိကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းဖို့ လုပ်ဆောင်နေပါတယ်။
အဲ့ဒီတရုတ်နိုင်ငံသားဟာ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဟောင်ကောင်ကနေ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံကနေ တဆင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်လည်ထွက်ခွာဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ် ၎င်းကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။