ချဲလ်ဆီးကတော့ အားကိုးတကြီးနဲ့ ခေါ်ထားတဲ့ ကစားသမားကို နောက်တနည်းပြောင်းသုံးဖို့ စီစဥ်နေတာပါ။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အက်သလက်တီကိုကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို နေရာပြောင်းကစားဖို့အထိ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကိုယ်တိုင် ဖွင့်ဟလာတာပါ။



ဆာအူးလ်နီဂွက်ဇ်ဟာ ချဲလ်ဆီးကို အပြီးသတ်ပြောင်းရွှေ့ခွင့်ပါဝင်ထားတဲ့ အငှားစာချုပ်နဲ့ ရောက်ရှိလာတာဖြစ်ပေမယ့် လက်ရှိအချိန်အထိ အသင်းအတွက် ပရီးမီးယားလိဂ် (၂) ပွဲသာ ပွဲထွက်ခွင့်ရပါသေးတယ်။ ဆာအူးလ်အနေနဲ့ ပွဲထွက်ခွင့်ရချိန်မှာလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာကြောင့် ဝေဖန်ခံနေရပြီး ကြားရက်မှာ ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ပထမပိုင်းအပြီးမှာတင် လူစားလဲခံခဲ့ရသေးတာပါ။

ဆာအူးလ်တယောက် ဒီလိုမျိုး ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းနေရတယ်ဆိုပေမယ့် လန်ဒန်မှာ ပျော်ရွှင်နေတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ တဖက်မှာလည်း ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အခုရရှိနေတဲ့ ပွဲထွက်ခွင့်နဲ့ မလုံလောက်တာကိုလည်း ဆာအူးလ်က နားလည်သဘောပေါက်ထားပါတယ်။

ဒီလိုမျိုး ဆာအူးလ်နဲ့ ပတ်သက်လို့ ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကတော့ “ကျနော့်အထင် ဆာအူးလ်နီဂွက်ဇ်အနေနဲ့ ကျနော်တို့အတွက် Wing Back နေရာမှာ ကစားနိုင်ပါလိမ့်မယ်။ ကျနော်တို့က ပွဲကိုလွှမ်းမိုးထားပြီး တိုက်စစ်ဆင်နေချိန်တွေမှာပေါ့”

“ဆာအူးလ်က ပြိုင်ဘက်ဧရိယာထဲမှာ အရမ်းကို သန်မာပြီး အဆုံးသတ်ကောင်းတယ်၊ အချိန်ကိုက်ကြံဆနိုင်ပါတယ်။ ကျနော်တို့ ဒါကို လေ့ကျင့်ရေးကွင်းမှာ တခါတလေ လုပ်ကြည့်ပါတယ်။ အဲ့ဒါကြောင့် သူ ဒီနေရာနဲ့ သင့်တော်မယ်၊ အသားကျမယ်လို့ ကျနော်တို့ ထင်နေတာပါ”

“လာမယ့်ပွဲတွေမှာ ကျနော်တို့ လက်တွေ့အသုံးချနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘင်ချီဝဲလ်က ကာလရှည်နားရမယ်၊ ပွဲကျပ်တွေလည်းအများကြီးရှိပါတယ်။ ဒီတော့ ဘယ်ခြမ်းအတွက် မားကို့စ်အလွန်ဆို တယောက်တည်းကိုပဲ အားကိုးနေလို့မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က