မနေ့ညက ကျင်းပခဲ့တဲ့ ဖီဖာရဲ့ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားမှာ အထူးဂုဏ်ပြုဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ရော်နယ်ဒိုကို ဘရာဇီးဂန္တဝင် ကစားသမားကြီး ပီလီက သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ဗီဒီယိုမှတ်တမ်းနဲ့အတူ ဂုဏ်ပြု စကား ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) အတွင်းမှာ နိုင်ငံတကာ သွင်းဂိုး (၁၁၅) ဂိုးနဲ့ နိုင်ငံတကာ ကစားသမားဘဝ သွင်းဂိုးအများဆုံးဆိုတဲ့ စံချိန်ဂုဏ်ပုဒ်ကို လွှဲပြောင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုကို ဖီဖာက အထူးဂုဏ်ပြုဆုအဖြစ် သီးသန့်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို ဒီဆုကို ဆွတ်ခူးအပြီးမှာ ပီလီက သူ့ရဲ့အင်စတာဂရမ်ကတဆင့် “ခရစ္စတီယာနိုရေ။ ဖီဖာရဲ့ အထူးဂုဏ်ပြုဆုကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ။ မင်းနဲ့ အပြင်မှာ လူချင်းတွေ့ပြီး ပွေ့ဖက်ပေးနိုင်ဖို့လည်း ငါ မျှော်လင့်ပါတယ်”
“ငါ ဒီမက်ဆေ့ချ်ကို သေချာ အလေးအနက်ထားပြီး ရိုက်ကူးထားတာပါ။ မကြာခင်မှာ ဆုံတွေ့ကြရအောင်။ TheBest” ဆိုပြီး ဗီဒီယိုကို မျှဝေခဲ့ပါတယ်။ ပီလီရဲ့ အခုလို ဂုဏ်ပြုမှုကို ရော်နယ်ဒိုကလည်း ချက်ချင်းဆိုသလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုက “ပီလီ ပြောပြီဆိုရင် တကမ္ဘာလုံးက နားထောင်ကြပါတယ်။ ဒီဗီဒီယိုကို ကြည့်ပြီး စိတ်မလှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အံ့အားသင့်ဖွယ်ကောင်းတဲ့ လူပုဂ္ဂိုလ်တယောက်က ကျနော့်အပေါ် လေးစားမှုရှိတယ်ဆိုတာကို ပြသတဲ့အခါမျိုးမှာပေါ့”
“ပီလီက မျိုးဆက်အားလုံးအတွက် ထာဝရ ဒဏ္ဍာရီလာ သူရဲကောင်းတယောက်ဖြစ်ပြီး အားကစားလောကအတွက်လည်း ဒဏ္ဍာရီတပုဒ်ပါပဲ။ သူ ဥာဏ်ပညာရှိရှိ ပြောခဲ့သလိုပဲပေါ့။ ကျနော်တို့အားလုံးက တသင်းတည်းပဲ။ ဘောလုံးဆိုတဲ့ အသင်းမှာ ကျနော်တို့က အသင်းဖော်တွေချည်းပါပဲ”
“ကျေးဇူးတင်ပါတယ်။ မကြာခင်မှာ ခင်ဗျားနဲ့တွေ့ခွင့်ရဖို့ မျှော်လင့်ပြီး အဲ့ဒီအခါကျရင် ကျနော်တို့ အတူတူ ရယ်မောရင်း ကျနော်တို့ချစ်တဲ့ ဘောလုံးပွဲတွေအကြောင်း ပြောကြတာပေါ့” လို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။