ချဲလ်ဆီးဟာ ဇင်းနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဥ်မှာ သုံးဂိုးစီသရေကျခဲ့တာကြောင့် အုပ်စု ဒုတိယနေရာသာရရှိခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် ရှုံးထွက်အဆင့်မှာ ပိုပြီးခက်ခဲသွားနိုင်တယ်ဆိုတဲ့ အချက်တခုပါ။
ချဲလ်ဆီးဟာ အုပ်စုတွင်းမှာ ဆက်တိုက်ကို ပုံစံကောင်းပြခဲ့ပြီး ဇင်းနစ်ကိုသာ အနိုင်ရခဲ့ရင် အုပ်စုပထမနေရာရရှိမှာပါ။ ဒါပေမယ့်လည်း မထင်မှတ်ဘဲ ခြေချော်ခဲ့တာကြောင့် လာမယ့် ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တန်းအသင်းကြီးတွေနဲ့ တွေ့ဆုံနိုင်ခြေပိုများသွားခဲ့ပါပြီ။
ဒီပွဲမှာ ချဲလ်ဆီးက တီမိုဗာနာရဲ့ သွင်းဂိုးနဲ့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာတင် ၂-၁ ဂိုးနဲ့ ပြန်လည်ရှုံးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူကာကူ၊ တီမိုဗာနာတို့ရဲ့ဂိုးတွေနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ဇင်းနစ်က အော့ဇ်ဒိုယက်ဗ်ရဲ့ ပြင်းထန်အားပါတဲ့ ဒုံးကျည်ကန်ချက်ကြောင့် ချဲလ်ဆီးတို့ အမှတ်လျော့သွားခဲ့တာပါ။
နည်းပြ သောမတ်စ်တူဟယ်လ်က ဒီပွဲမှာ ကစားသမားစာရင်းကို အပြောင်းအလဲတွေပြုလုပ်ခဲ့သလို ကွင်းထဲမှာရှိတဲ့ ကစားသမားတွေကလည်း အမှားအယွင်းတွေပြုလုပ်ခဲ့တာကြောင့် အခုလို ခြေချော်ခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းလေးသင်းမှာလည်း ချဲလ်ဆီးတသင်းသာ အုပ်စု ဒုတိယရရှိခဲ့ပြီး ကျန်တဲ့ မန်စီးတီး၊ လီဗာပူး၊ ယူနိုက်တက်တို့က အုပ်စု ပထမနေရာရရှိခဲ့တာပါ။
ချဲလ်ဆီးဟာ ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရီးရဲယ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်၊ လိုင်လီတို့ထဲက တသင်းသင်းနဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်ပြီး ကျန်တဲ့ ပရီးမီးယားလိဂ်သုံးသင်းနဲ့ကတော့ ရှုံးထွက်အဆင့်မှာ တနိုင်ငံတည်းအသင်းနှစ်သင်း ဆုံတွေ့ခွင့်မရှိစေရလို့ သတ်မှတ်ထားတာကြောင့် တွေ့ဆုံမှာမဟုတ်ပါဘူး။
လက်ရှိတွေ့ဆုံနိုင်ဖွယ်ရှိတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးအတွက် ပွဲအချောင်ဆုံးလို့ပြောနိုင်တာက လိုင်လီတသင်းတည်းသာရှိပြီး အေဂျက်စ်က ပုံစံကောင်းပြနေသလို ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်တို့ကလည်း အင်အားကြီးအသင်းတွေဖြစ်တာကြောင့် ချဲလ်ဆီးတို့ ရှုံးထွက်အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ ပွဲချောင်အောင် ဆုတောင်းရတော့မှာလည်းဖြစ်ပါတယ်။