လူကာကူကတော့ ဟိုလို၊ ဒီလိုရေးတော့ ချဲလ်ဆီးပရိသတ်တွေ စိတ်ပူခဲ့ရတာပါ။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ သူ့ရဲ့ Snapchat ကတဆင့် အငြင်းပွားဖွယ်ကောင်းတဲ့ စာသားအချို့ကို ရေးသားမျှဝေခဲ့ပြန်တယ်လို့ သိရှိရပါတယ်။ လူကာကူဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားဖို့ ယူအေအီးကို ရောက်ရှိနေတာဖြစ်ပါတယ်။



 

ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် အယ်လ်ဟီလယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးက လူကာကူရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲမှာ လူကာကူက အချို့သောအခွင့်အရေးတွေကို ဂိုးဝင်အောင် အဆုံးမသတ်နိုင်ခဲ့ပါဘူး။

 

လူကာကူဟာ အဲ့ဒီပွဲမတိုင်ခင်တည်းက ဂိုးသွင်းခွင့်တွေကို လွယ်လွယ်ကူကူဖြုန်းတီးပစ်ခဲ့တဲ့အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါသေးတယ်။ (၂၀၂၂) နှစ်သစ်ကူးကာလမှာလည်း သူ့အနေနဲ့ နည်းပြ တူဟယ်လ်ရဲ့ နည်းစနစ်တွေအပေါ် ပျော်ရွှင်မှုမရှိကြောင်း၊ ချဲလ်ဆီးက ကစားသမားတိုင်း အိပ်မက်မက်ရတဲ့ အသင်းတသင်းမဟုတ်ကြောင်း အငြင်းပွားဖွယ် အင်တာဗျူးပြုလုပ်ခဲ့ပါသေးတယ်။

 

အခု Snapchat မှာလည်း လူကာကူက “တကယ်လို့ ခင်ဗျားအနေနဲ့ ဒါကို ဖိအားပေးရပြီဆိုရင် ဒီအရာက အံဝင်ဂွင်ကျမဖြစ်တော့တာမျိုး ဖြစ်သွားနိုင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီးမှာ သူကစားနေရတဲ့ ကစားကွက်နဲ့ ပတ်သက်လို့ ရည်ရွယ်ရေးသားခဲ့တာဖြစ်နိုင်တယ်လို့ ချဲလ်ဆီးပရိသတ်တွေက ယုံကြည်နေပါတယ်။

 

ဒါပေမယ့် ကစားသမားနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ လူကာကူ အခုရေးသားခဲ့တဲ့ စာသားက ဘောလုံးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။ လူကာကူဟာ နှစ်သစ်ကူးကာလမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် ချဲလ်ဆီးနည်းပြ တူဟယ်လ်ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ပွဲစဥ်အချို့ကနေ ချန်လှပ်ခံခဲ့ရဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က