ကက်စ်မဲရိုးကတော့ ခပ်ကြမ်းကြမ်းကစားခဲ့တာတောင် အဝါကတ်မထိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုးတယောက် မနေ့ညက မန်စီးတီးနဲ့ပွဲမှာ ဒီဘရိုင်း၊ ဖိုဒန်တို့ကို ခပ်ကြမ်းကြမ်းကစားခဲ့ပေမယ့် အဝါကတ်တကတ်တောင် မထိခဲ့တဲ့အပေါ် မန်စီးတီးပရိသတ်တွေက အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ကက်စ်မဲရိုးဟာ ပထမအကျော့ မန်စီးတီးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဥ်ကိုတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။



အခု ဒုတိယအကျော့မှာတော့ ကက်စ်မဲရိုးက ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်နဲ့ခံစစ်တန်းက ပထမအကျော့လောက် အားမနည်းခဲ့ပါဘူး။ ဒါပေမယ့် ကစားပုံကြမ်းတမ်းလေ့ရှိတဲ့ ကက်စ်မဲရိုးက ဒီပွဲမှာလည်း မန်စီးတီးရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဖိုဒန်တို့ကို ခပ်ကြမ်းကြမ်း လူချကစားပြီး အငြင်းပွားဖွယ်ရာတွေ ဖန်တီးခဲ့ပါသေးတယ်။

ပွဲစလို့ (၁၀) မိနစ်ဝန်းကျင်မှာတင် ကက်စ်မဲရိုးက ဒီဘရိုင်းကို နောက်ကနေ ဖြတ်ရိုက်ခဲ့ပြီး ဒီအတွက် အဝါကတ်မထိခဲ့တဲ့အပေါ် မန်စီးတီး ကစားသမားတွေက ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒကတက်ခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းပြီးခါနီးမှာလည်း ဖိုဒန်ကို နောက်ကနေ အင်္ကျီ သိသိသာသာ ဆွဲလှဲပြီး ခြေထောက်ချင်း ရိုက်မိခဲ့ပါသေးတယ်။

ဒီတကြိမ်မှာလည်း မန်စီးတီးက ဘောလုံးဆက်ရခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပွဲကို ဆက်ကစားစေခဲ့ပါတယ်။ ဖိုဒန်နဲ့ကက်စ်မဲရိုးတို့နှစ်ယောက်ကတော့ မြက်ခင်းပြင်ပေါ်မှာ လူးလှိမ့်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာတော့ ကက်စ်မဲရိုးတယောက် သေချာပေါက် အဝါကတ်ပြသခံရမယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ အော်ဆာတိုကတော့ ကက်စ်မဲရိုးကို အဝါကတ်မပြဘဲ ကင်းလွတ်ခွင့်ပေးခဲ့ပြန်ပါတယ်။ ကက်စ်မဲရိုးတယောက် ဒီအတိုင်း ထသွားလိုက်ရင် သူ့ကို အဝါကတ်ပြတော့မှာကို သိတာကြောင့် သူပါရောယောင်ပြီး ထိခိုက်သလို ဟန်ဆောင်ခဲ့တယ်လို့လည်း အချို့က စွပ်စွဲနေကြပါတယ်။ ကက်စ်မဲရိုးဟာ လူစားလဲခံရတဲ့ (၇၅) မိနစ်အထိ အဝါကတ်ပြသခံရခြင်းမရှိပါဘူး။

ပြောစရာဖြစ်ခဲ့တာကတော့ ကက်စ်မဲရိုး ဒီဘရိုင်းကို ဖျက်ထုတ်တဲ့ ပထမအကြိမ်ဖြစ်ရပ်မှာ မန်စီးတီး ကစားသမားတွေ ဝိုင်းအုံစောဒကတက်ရင်း မိုဒရစ်နဲ့လာပေါ့တ်တို့နှစ်ယောက် အချင်းများပြီး နှစ်ယောက်လုံး အဝါကတ်ထိသွားခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရီးရဲလ်မက်ဒရစ်အတွက် ကက်စ်မဲရိုးရှိတဲ့ ကွင်းလယ်နဲ့ ကက်စ်မဲရိုးမရှိတဲ့ကွင်းလယ်က တော်တော်လေးကို ခြားနားပြီး အခု ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် နိုင်ပွဲမှာလည်း ဒါကိုမြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က