ရုရှားအင်ဂျင်နီယာတွေဟာ ကမ္ဘာ့ပထမဆုံး အသံအခြေပြု မုသားဖော်တဲ့စနစ်ကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားသတင်းစာ Izvestia မှာ ရုရှားပညာရှင်တွေဟာ RiskControl လို့ ခေါ်တဲ့ အလိမ်ဖော်စနစ်တစ်ခု ဖန်တီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ RiskControl နည်းပညာဟာ တခြား မုသားဖော်စနစ်တွေလို သုံးသွားတဲ့စကားလုံးတွေက ယုံကြည်ထိုင်/မထိုက် ခွဲခြမ်းစိတ်ဖြာပြီး ရလဒ်ထုတ်တာမျိုး မဟုတ်ဘဲ စကားသံရဲ့ ဂုဏ်သတ္တိတွေကို ကွန်ပျူတာစနစ်နဲ့ စိစစ်မှုလုပ်သွားတာပါ။
Photo:Izvestia
RiskControl ပရိုဂရမ်ဟာ နှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါတယ်။ ပထမတစ်ဆင့်မှာ စမ်းသပ်မှုမှာပါတဲ့သူကို မေးခွန်းတွေ မေးပြီး စမ်းသပ်မှုလုပ်ပါတယ်။ ဒီနည်းနဲ့ ကွန်ပျူတာဟာ အမှန်အတိုင်း ပြောတဲ့အခါ ပုံမှန်ခံစားစိတ်နဲ့ တုံ့ပြန်တဲ့အသံတုံ့ပြန်ချက်ကို နမူနာ ယူထားမှာပါ။ ဒီနမူနာတွေနဲ့ပဲ ဖြေဆိုသူရဲ့ တုံ့ပြန်ချက်တိုင်းကို နှိုင်းယှဉ်စစ်ဆေးသွားမှာပါ။ တစ်ခုခု ဖြေဆိုလို့ အမှန်ကို ဖြေတုန်းက အသံကြိမ်နှုန်းနဲ့ မကိုက်ညီဘဲ ကွဲလွဲနေရင်လိမ်တယ်လို့ ယူဆသွားမှာ ဖြစ်ပါတယ်။
"စမ်းသပ်မှုမှာ ပါဝင်သူက Yes လို့ ဖြေပြီး တချိန်တည်းမှာပဲ သူ့အသံကြိမ်နှုန်း လှိုင်းနှုန်းစဉ်က No ဆိုတဲ့ အဖြေနဲ့ တူနေတဲ့အခါ တိကျတဲ့ မုသားလက္ခဏာတစ်ခု ရှာဖို့ ဖြစ်လာတာကို အံ့အားသင့်စရာတွေ့ရပါတယ်။ " လို့ Fora Digital ရဲ့ သိပ္ပံညွှန်ကြားရေးမှူး မက္ကဇင် ကိုနိုဘီစကီက ဆိုပါတယ်။
ဒီနည်းပညာအတွက် ပုံမှန်ကွန်ပျူတာတစ်လုံးနဲ့ အသံတုံ့ပြန်ချက်ကို Record ဖမ်းဖို့ ချိတ်ဆက်ထားတဲ့ အထူးမိုက်ခရိုဖုန်းတစ်ခု လိုပါတယ်။ မေးခွန်းတွေကို အီလက်ရွန်းနစ်အသံအဖြစ် ကြိုပြီး အသံဖမ်းထားရပါတယ်။ ဒါမှသာ စကားပြောချိန်မှာ ဖြစ်တတ်တဲ့ ခံစားချက်ရောထွေးမှုတွေ စက်က မဖတ်နိုင်တာမျိုးကို ရှောင်လွှဲနိုင်မှာပါ။ RiskControl ဟာ စမ်းသပ်မှုမှာပါတဲ့ တွေ့ရှိချက်တွေကို အလိုအလျောက် ဆန်းစစ်အကဲဖြတ်ပြီး process အဆုံးမှာ ကောက်ချက်ဆွဲပေးတာပါ။
Photo; techgenyz
သုတေသီတွေရဲ့အဆိုအရ ဒီစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို လူရွေးပွဲတွေမှာ သုံးနိုင်သလို စိတ်ပညာ ၊ ဆေးဘက်ဆိုင်ရာ ၊ ရာဇဝတ်မှု မှုခင်းနဲ့ တခြားနယ်ပယ်တွေမှာ သုံးနိုင်မယ်လို့ ဆိုပါတယ်။ မုသားဖော်စနစ်ရဲ့ ယုံကြည်ရနိုင်စွမ်းကို ဖက်ဒရယ်အကျဉ်းထောင် အမှုတွေမှာ စမ်းသပ်ထားပြီး စမ်းသပ်မှုမှာ ပါဝင်သူတွေအကြား မူးယစ်ဆေးဝါး သုံးထားသလားဆိုတာပါ သိအောင် ဖော်ထုတ်ရာမှာပါ သုံးနိုင်မှာပါ။
ဒါပေမယ့်လည်း လူတစ်ယောက် လိမ်/မလိမ်ကို အခုလို မုသားဖော်နည်းပညာတွေ သုံးပြီး ရလာတဲ့ရလဒ်ပေါ် ပုံပြီး အားကိုးတာဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့လည်း မော်စကို စိတ်သရုပ်ခွဲမှု အင်စတီကျူ အထွေထွေစိတ်ပညာဌာနရဲ့ လက်ထောက်ပါမောက္ခ ယက်ဗ်ဂီနီ ကိုဇီးက ပြောပါတယ်။