နာမည်ကျော်ပူးမားနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါ။

ရွန်းနီရဲ့သားဖြစ်သူ ကိုင်ရွန်းနီဟာ နာမည်ကျော်ကုန်ပစ္စည်းအမှတ်တံဆိပ်တခုဖြစ်တဲ့ ပူးမားနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဖခင်ဖြစ်သူ ဝိန်းရွန်းနီ ဒီစီယူနိုက်တက်ကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ စာချုပ်ချုပ်နေချိန်မှာတင် ကိုင်ရွန်းနီကလည်း အခုလိုပဲ စပွန်ဆာစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။



ကိုင်ရွန်းနီဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီးနောက် အခုလိုမျိုးပဲ နာမည်ကျော်ပူးမားနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ပူးမားအနေနဲ့လည်း ကိုင်ရွန်းနီလိုမျိုး အနာဂတ်အတွက် အလားအလာရှိတဲ့ လူငယ်ကစားသမားလေးတွေကို ရှာဖွေပြီး အခုလိုပဲ သူတို့နဲ့ ပူးပေါင်းဖို့ ကြိုးစားလေ့ရှိပါတယ်။

ကိုင်ရွန်းနီဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်လူငယ်အသင်းအတွက် (၅၆) ဂိုးအထိ သွင်းယူခဲ့ပါတယ်။ အဲ့ဒီအသင်းမှာ ကိုင်ရွန်းနီက ရော်နယ်ဒိုရဲ့သားဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာနဲ့လည်း အသင်းဖော်တွေဖြစ်ကြပါတယ်။ ဒီကြယ်ပွင့်နှစ်ယောက်ဟာ ဒီနှစ်အစောပိုင်းမှာလည်း တပွဲတည်း နှစ်ယောက်အတူတူ ဂိုးသွင်းခြေစွမ်းပြခဲ့ကြပြီး ဖခင်တွေရဲ့ခြေရာကို လိုက်နင်းနိုင်မယ့်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကိုင်ရွန်းနီဟာ ဂိုးသွင်းကောင်းရုံတင်မကဲ ဂိုးဖန်တီးမှုလည်း ကောင်းမွန်တယ်ဆိုတာကို အချက်အလက်မှတ်တမ်းတွေက သက်သေပြနေပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ အသက် (၁၂) နှစ်အရွယ် ဒီကစားသမားလေးက ဂိုးဖန်တီးမှု (၂၈) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သေးတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာအတွင်း ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာလည်း ကိုင်ရွန်းနီက တယောက်တည်း လေးဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါသေးတယ်။ ကိုင်ရွန်းနီဟာ အဲဗာတန်ပရိသတ်တယောက်ဖြစ်ပြီး ကမ်းလှမ်းမှုအများအပြားလည်းရရှိခဲ့ပေမယ့် ဖခင်ဖြစ်သူ ဝိန်းရွန်းနီ အဓိကအောင်မြင်ခဲ့ရာ ယူနိုက်တက်ရဲ့ အကယ်ဒမီအသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က