အွန်လိုင်းကနေစတင်ခဲ့တဲ့လုပ်ငန်းလေးကနေ အခုတော့သူရဲ့ကိုယ်ပိုင် မနက်စာဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နံနက်စာကို ထမင်းကြော်စားရတာကြိုက်နှစ်သက်သူတွေအတွက် သွားရောက်စားကြည့်သင့်တဲ့ လက်ရာကောင်း စျေးတန်တဲ့ထမင်းကြော်ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။





အန်တီမို့မနက်စာဆိုင်လေးရဲ့အစ


ဒီဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ်မှာဖွင့်လှစ်ထားတဲ့ အန်တီမို့မနက်စာဆိုင်လေးပါ။ဒီဆိုင်လေးရဲ့ပဲ့ကိုင်ရှင် အန်တီမို့မို့အေးဟာ ဟင်းချက်ကောင်းတဲ့အိမ်ရှင်မတစ်ဦးပါ။သားတွေရဲ့အားပေးမှုနဲ့ကိုဗစ်ကာလမှာ အွန်လိုင်း ကနေစားသောက်ကုန်လေးတွေကို အိမ်တွင်းမှုလုပ်ငန်းလေးအဖြစ် တနိုင်တပိုင်လုပ်ကိုင်ရင်းသူရဲ့ ကျွမ်းကျင်မှုနဲ့ ဝါသနာကိုတွေ့ရှိခဲ့သူဖြစ်ပါတယ်။ဒီလိုအွန်လိုင်းကနေစတင်ခဲ့တဲ့လုပ်ငန်းလေးကနေ အခုတော့သူရဲ့ကိုယ်ပိုင် မနက်စာဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။


“အန်တီကဒီဆိုင်လေးမဖွင့်ခင်တည်းက အွန်လိုင်းကနေစားသောက်ကုန်လေးတွေရောင်းတာ၂နှစ်လောက်ရှိပြီ။ ကိုဗစ်ကာလမှာ သားတွေရဲ့အားပေးမှုနဲ့ အွန်လိုင်းကနေလက်ဖက်ကြက်ဥလေးတွေစရောင်းတာ အရမ်းရောင်း ရတယ်။တစ်ရက် ကိုအလုံး၄၀၀၊ ၅၀၀လောက်ကိုရောင်းခဲ့ရတာ။ အဲ့ကနေမှပုဇွန်ခြောက်၊ဝက်သား၊ကြက်သား ကောက်ညှင်းထုတ်လေးတွေပါရောင်းရင်းအမြင်လေးပွင့်လာတာပေါ့။အခုလည်း သားတွေရဲ့အားပေးကူညီမှုနဲ့ပဲ မနက်စာ ထမင်းကြော်ဆိုင်လေးကိုဖွင့်ဖြစ်တာပါ။”လို့ ဒေါ်မို့မို့အေးကပြောပါတယ်။






တစ်ရက်(၄)သိန်းဖိုးထိရောင်းရ


မနက်စာထမင်းကြော်ဆိုင်လေးဖွင့်လှစ်တာ တစ်လဝန်းကျင်ပဲရှိသေးပေမယ့်လည်း တစ်ရက်ကို ဝက်သား၇ ပိသာကုန်ပြီး ၄သိန်းဖိုးလောက်အထိရောင်းရတယ်လို့ဒေါ်မို့မို့အေးကပြောပါတယ်။အသက်၅၀ကျော်မှ အခုလိုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုစတင်နိုင်ပြီး စားသုံးသူတွေကချစ်ခင်အားပေးကြတဲ့အတွက် ပျော်ရွှင်ကြည်နူးရတယ်လို့လည်းသူကပြောပါတယ်။


“အန်တီဆိုင်လေးက ဖွင့်တာတစ်လလောက်ပဲရှိသေးပေမယ့်ရောင်းရပါတယ်။ တစ်ရက်ကိုဝက်သား၇ပိသာ လောက်ကုန်တယ်။သောကြာ၊စနေ၊တနင်္ဂနွေနေ့တွေဆိုရင်ပိုရောင်းကောင်းတယ်။ အွန်လိုင်းကအားပေးနေကြ ဖောက်သည်တွေကလည်းဆိုင်လေးဖွင့်တော့လာကြတယ်။ အန်တီအတွက်ကတော့ အသက်၅၀ကျော်မှ ကိုယ်ပိုင်လုပ်ငန်းလေးစနိုင်ပြီး အန်တီမို့ဆိုတဲ့နာမည်လေးရလာတာက ၅၀ကျော်မှအသိအမှတ်ပြုလက်မှတ် တစ်ခုရသလိုခံစားရတယ်။အဲဒီအတွက်အန်တီသားတွေနဲ့ခင်ပွန်းကိုကျေးဇူးတင်တယ်လို့”ဒေါ်မို့မို့အေးကပြောပါတယ်။



ဝက်သားကြိုက်သူတွေလက်မလွှတ်သင့်တဲ့ထမင်းကြော်ဆိုင်လေး


ဒီထမင်းကြော်ဆိုင်လေးမှာတော့ ဝက်သားကိုအရသာအစုံနဲ့ပိုင်ပိုင်နိုင်နိုင်ချက်ပြုတ်ရောင်းချတာကို တွေ့ရပါ တယ်။ဝက်သားကြိုက်သူတွေအတွက်ရွေးချယ်စရာစုံလင်လှပြီး ဝက်ဘဲဥပေါင်းဟင်းကတော့ အန်တီမို့တို့ မိသားစုရဲ့ အကောင်းဆုံးဟင်းချက်လက်ရာကိုခံစားမိစေမယ့်အရသာပါ။ဝက်သားမစားသူတွေအတွက်လည်း ကြက်ပေါင်းဟင်း၊ကြက်မွှကြော်တို့ရရှိနိုင်ပါတယ်။


“အန်တီဆိုင်လေးမှာတော့ အဓိကကဝတ်သားနဲ့ပတ်သက်ရင်အရသာအစုံလေးရတယ်။ဝက်သားဟင်း ချက်နည်းကတော့ အန်တီအဖေဆီကရော၊အန်တီယောက်ခမနဲ့ယောင်းမဆီကပါ အမွေရခဲ့တယ်လို့ ပြောလို့ရတယ်။ဝက်ဘဲဥပေါင်းဟင်းဆို အန်တီအမျိုးသားမိသားစုရဲ့ အကြိုက်ဆုံးဟင်းပဲလို့”အန်တီမို့မို့အေးက ပြောပါတယ်။



အန်တီမို့ ဆိုင်မှာရနိုင်တာတွေက


အန်တီမို့လက်ရာ မနက်စာဆိုင်လေးမှာတော့ ထောပတ်ထမင်းကြော်ကို ဝက်ချိုပေါင်း၊ဝက်ပဲငပိချိုပေါင်း၊ ဝက်ပုန်းရည်ကြီး၊ဝက်အူစုံပေါင်း၊ဝက်ကင်၊ဝက်ဘဲဥပေါင်း၊ကြက်ချိုပေါင်း၊ကြက်မွှကြော်၊ဝက်အူချောင်း၊ကြက်အူချောင်း၊ကြက်ဥကြော်တို့နဲ့ရရှိနိုင်ပြီး စျေးနှုန်းတွေကတော့ ၁၅၀၀၊၁၈၀၀၊၃၂၀၀ကျပ်ဖြစ်ပါတယ်။ ထမင်းကြော်နဲ့ တွဲစားဖို့ဇွန်ခြောက်ကြော်လေးလဲချပေးပါသေးတယ်။ဒါ့အပြင် လိမ္မော်ဖျော်ရည်နဲ့ detox waterတို့ ကိုလည်းအခမဲ့သောက်သုံးနိုင်ပါတယ်။ထမင်းကြော် မစားချင်သူတွေအတွက်လည်း ဆီထမင်း၊ပေါင်မုန့်မီးကင်၊နှပ်ကော်ဖီ၊နှပ်လက်ဖက်ရည်တို့လည်းရရှိနိုင်ပါတယ်။


အန်တီမို့ မနက်စာဆိုင်လေးရဲ့လိပ်စာက၃၉ ရပ်ကွက်/ရာဇာဓိရာဇ်လမ်း(အကောက်ခွန် ၁ လမ်းထိပ်) / အမှတ်(၃၄)/ မြောက်ဒဂုံမြိုနယ်မှာဖြစ်ပြီး မနက်၇နာရီကနေ ၁၁နာရီအထိဆိုင်ဖွင့်ပါတယ်။ ဆိုင်အပြင်အဆင်ကျယ်ကျယ် ဝန်းဝန်းနဲ့မနက်စာကိုအေးအေးဆေးဆေးစားချင်သူတွေအတွက် လက်ရာကောင်းတဲ့ဆိုင်လေးမို့ညွှန်းဆို ပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က