အဲရစ်တန်ဟက်ခ်ကလည်း အသင်းတာဝန်ရှိသူတွေကို အသိပေးထားတယ်လို့ဆိုပါတယ်။

လာမယ့်နွေရာသီမှာ အဲရစ်တန်ဟက်ခ် ယူနိုက်တက်ကို စတင်ကိုင်တွယ်ဖြစ်ခဲ့ရင် ရော်နယ်ဒို အသင်းက ထွက်ခွာရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဆိုပါ နယ်သာလန်လူမျိုးနည်းပြဟာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ တော်တော်လေးနီးစပ်နေပြီဖြစ်ပါတယ်။



အဲရစ်တန်ဟက်ခ်ကို ယူနိုက်တက်က ကာလရှည်စာချုပ်ဖြစ်တဲ့ (၄) နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားပြီး ကာယကံရှင်ဘက်ကလည်း နှုတ်အားဖြင့် သဘောတူညီထားပြီလို့ ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ခ်အတွက် အေဂျက်စ်ကို လျော်ကြေးယူရို (၂) သန်း ပေးချေရမှာဖြစ်ပြီး ဒါကလည်းပြဿနာရှိတဲ့ပမာဏမဟုတ်ပါဘူး။

ပြဿနာရှိတဲ့အချက်တခုကတော့ အဲရစ်တန်ဟက်ခ်ရဲ့ အနာဂတ်စီမံကိန်းမှာ ရော်နယ်ဒို ပါဝင်လာမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ အသင်းကို သူ့စိတ်တိုင်းကျ အသေးစိတ် တည်ဆောက်မှာဖြစ်ပြီး ရော်နယ်ဒိုရဲ့ အသက်အရွယ်နဲ့ အချက်အလက်မှတ်တမ်းတွေအပေါ် စိတ်တိုင်းမကျဘူးလို့ ဗြိတိန်အခြေစိုက် သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကိုလည်း ယူနိုက်တက်တာဝန်ရှိသူတွေဆီ အသိပေးထားတယ်လို့လည်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီ ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

အသက်အရွယ်အားဖြင့် (၃၇) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်နဲ့အတူ ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာတာကလည်း ရော်နယ်ဒိုကို အသင်းက ထွက်ခွာစေနိုင်ပါတယ်။

ရော်နယ်ဒိုကတော့ ယူနိုက်တက်မှာဆက်ရှိ၊ မရှိဆိုတာကို နည်းပြသစ်အနေအထားအပေါ် မူတည်မယ်လို့ ပြီးခဲ့တဲ့မတ်လအတွင်း အေးဂျင့်ဂျော့ချ်မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့တုန်းက ဆုံးဖြတ်ခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေကြောင့်လည်း အဲရစ်တန်ဟက်ခ်သာ ယူနိုက်တက်နည်းပြဖြစ်လာခဲ့ရင် ရော်နယ်ဒို ယူနိုက်တက်ကနေ အမှန်တကယ် ထွက်ခွာမလား စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က