မိုဒရစ်ရဲ့အနာဂတ်ကို အန်ဆယ်လော့တီက အတည်ပြုပေးလိုက်တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက အသင်းရဲ့ အသက် (၃၆) နှစ်အရွယ် ကွင်းလယ်လူ မိုဒရစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အတည်ပြုပြောကြားပေးလိုက်ပါတယ်။ မိုဒရစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ပူပူနွေးနွေး သတ်မှတ်ခံထားရသူပါ။



ဒီကစားသမားရဲ့ ခြေစွမ်းက အခုချိန်ထိ လုံးဝမကျဆင်းသွားသေးဘဲ ချဲလ်ဆီးနဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာလည်း မိနစ် (၁၂၀) လုံးလုံး အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး အသုံးတော်ခံသွားခဲ့ပါတယ်။ မိုဒရစ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ တစုံတရာ စိတ်ပူပန်ခြင်းမရှိဘဲ ဒါတွေက ရီးရဲလ်မက်ဒရစ်အပေါ်မှာသာ မူတည်နေတယ်လို့ ခံယူထားသူပါ။

အန်ဆယ်လော့တီကတော့ အခုချိန်မှာ မိုဒရစ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအားလုံး စိတ်အေးရမယ့် အဖြေတခုကို အတည်ပြုပေးလိုက်ပါတယ်။ အန်ဆယ်လော့တီက “မိုဒရစ်က သူ့ရဲ့ ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်မှာပဲ အဆုံးသတ်သွားမှာပါ။ သူ ကစားသမားဘဝကနေ ဘယ်အချိန် အနားယူမလဲ ကျနော် မသိပါဘူး”

“ဒါပေမယ့် ဒီစိတ်ကူးက အသင်းနဲ့ မိုဒရစ်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး မိုဒရစ်ဆီမှာ ဘာမှပြဿနာမရှိပါဘူး။ ကျနော်ကတော့ သူ့ကို မာလ်ဒီနီနဲ့ ခိုင်းနှိုင်းချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မိုဒရစ်ဟာ စပါးကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်လာခါစတုန်းက အဆိုးရွားဆုံး အပြောင်းအရွှေ့အဖြစ်တောင် သတ်မှတ်ခံခဲ့ရသူပါ။

ဒါပေမယ့် အခုချိန်မှာတော့ အသက်အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းကို ပြသနေပြီး ဂျူဗင်တပ်စ်ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ခါနီး မိုဒရစ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ အခု အန်ဆယ်လော့တီရဲ့ ပြောစကားအရတော့ ရီးရဲလ်မက်ဒရစ်က မိုဒရစ်ကို လုံးဝလက်လွှတ်ခံတော့မှာမဟုတ်ဘူးလို့ ယုံကြည်လို့ရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က