ကစားသမားဘ၀ လိဂ်ဂိုး ၅၀၀ ပြည့်လို့ ကျော်တောင်ကျော်သွားခဲ့ပါပြီ။

ဆော်ဒီလိဂ်မှာတောင် ဂိုးမသွင်းနိုင်ဘူးလားကွာဆိုပြီး လှောင်ပြောင်ခံနေရတဲ့ ရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဝါဒါနဲ့ပွဲမှာ တဦးတည်း ၄ ဂိုးအထိ သွင်းပြီး ခြေစွမ်းပြလိုက်ပါပြီ။ ဒီပွဲမှာ အယ်လ်နာဆာက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက အသင်းကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တာပါ။ သူ ရောက်လာပြီးနောက် အယ်လ်နာဆာအတွက် တဂိုးသွင်းယူပေးထားပေမယ့် အဆိုပါပွဲကတော့ သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ 

အသက် ၃၈ နှစ်ပြည့်တာ ရက်ပိုင်းပဲရှိသေးတဲ့ ရော်နယ်ဒိုအတွက်တော့ ဒါဟာ အကောင်းဆုံးမွေးနေ့လက်ဆောင်တခုလို့လည်း ပြောရပါလိမ့်မယ်။ ပထမပိုင်းမှာ နှစ်ဂိုး၊ ဒုတိယပိုင်းမှာ နှစ်ဂိုးသွင်းခဲ့ပြီး ရော်နယ်ဒိုတယောက် အခုမှပဲ မျက်နှာပန်းလှပါတော့တယ်။ ဂိုးတွေသွင်းအပြီးမှာ ရော်နယ်ဒိုက တော်တော်လေးကျေနပ်နေခဲ့ဟန်ရှိပြီး အားပါးတရအောင်ပွဲခံခဲ့ကာ သူ အောင်ပွဲခံချိန်မှာ အယ်လ်နာဆာပရိသတ်တွေကလည်း သူနဲ့အတူ လိုက်လံအောင်ပွဲခံခဲ့တာကိုလည်း တွေ့ရပါတယ်။ 

ဒီသွင်းဂိုးတွေကြောင့် ရော်နယ်ဒိုက ကစားသမားဘ၀မှာ လိဂ်ဂိုးပေါင်း ၅၀၀ ပြည့်ခဲ့ပြီး ကျော်တောင်ကျော်လွန်သွားခဲ့ပါပြီ။ ဒါ့အပြင် ကစားသမားဘ၀မှာ လေးဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပွဲက ၁၁ ပွဲအထိရှိလာခဲ့ပါတယ်။ ဆော်ဒီလိဂ်ကိုရောက်လာပြီးကတည်းက သူက အသင်းအတွက် အခုဆိုရင် ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီဖြစ်ကာ ပြီးခဲ့တဲ့ပွဲတချို့မှာ ဂိုးပေါက်ပျောက်နေမှုတွေကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုက အယ်လ်နာ‌ဆာအတွက် ဂိုးတွေကို ပွဲချိန် ၂၁ မိနစ်၊ မိနစ် ၄၀ ၊ ၅၃ မိနစ်နဲ့ ၆၁ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက အယ်လ်ရှာဘတ်ထက် ၁ ပွဲလျော့ကစားထားပြီး ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။ လာမယ့်ပွဲအဖြစ် အယ်လ်နာဆာက အယ်လ်တာဝိုအမ်အသင်းနဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကစားသွားရဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က