အီဘရာဟီမိုဗစ်က သူ့ရဲ့အသက်အရွယ်၊ လက်ရှိကြံ့ခိုင်မှုအနေအထားတွေနဲ့ ပတ်သက်လို့ ပြောကြားလာတာပါ။

ဆွီဒင်လက်ရွေးစင်ရဲ့ တစ်ကျော့ပြန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က သူ့အနေနဲ့ အသက်ကြီးလာတာမှန်ပေမယ့် ခန္ဓာကိုယ်ကတော့ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး အကောင်းဆုံး ခံစားချက်တွေကို ပိုင်ဆိုင်ထားတယ်လို့ ဖွင့်ဟလာပါတယ်။ အဆိုပါအေစီမီလန် တိုက်စစ်မှူးကြီးဟာ လွန်ခဲ့တဲ့ (၅) နှစ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့သူပါ။



ဒါပေမယ့် သူ့အနေနဲ့ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာ ပါဝင်ကစားဖို့ ပြင်ဆင်ခဲ့ပြီး ဒဏ်ရာကြောင့် အဲ့ဒီပြိုင်ပွဲကို လွဲချော်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အီဘရာဟီမိုဗစ်က (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို ဝင်ရောက်ကစားဖို့ ပစ်မှတ်ထားနေတာပါ။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ အသက် (၄၀) အရွယ် အီဘရာဟီမိုဗစ်က ဂျော်ဂျီယာနဲ့ ကစားမယ့်ပွဲမတိုင်ခင်မှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “နောက်ဆုံးမှာ ဒီလိုမျိုးပြန်လာနိုင်တာ ကောင်းတာပေါ့။ ခက်ခဲကြမ်းတမ်းခဲ့တဲ့ အချိန်ကာလတွေပါ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျွန်တော် ရာနှုန်းပြည့် ပြန်မကောင်းသေးပါဘူး။ ဒဏ်ရာက ပြန်ကောင်းကောင်းပြီးချင်း ကျွန်တော် ဒီလိုမျိုး အလောမကြီးသင့်ပေမယ့် လူတိုင်းက ကျွန်တော့်ကို ကစားစေချင်နေပြီလေ”

“ကျွန်တော် အသက်ပိုကြီးလာတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်လည်း ပိုကောင်းလာတယ်ဆိုတာကို နားလည်ထားတယ်ဗျ။ အသက်ကြီးတာတောင် ကျွန်တော့်စိတ်က နုပျိုနေတုန်းပဲ။ ကျွန်တော့်ရုပ်ရည်ကလည်း ပိုပြီးတော့ ကြည့်ကောင်းလာတယ်လေ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆွီဒင်ဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စု (ခ) မှာ ရောက်ရှိနေတာပါ။ ဆွီဒင်အနေနဲ့ လက်ကျန် (၂) ပွဲ ကစားဖို့ရှိနေချိန်မှာ ဒုတိယနေရာက စပိန်ကို (၂) မှတ်၊ တတိယနေရာက ဂရိကို (၉) မှတ်အထိ ဖြတ်ထားပါတယ်။ ဆွီဒင်အနေနဲ့ ဂျော်ဂျီယာ၊ စပိန်တို့နဲ့ ကစားဖို့ ကျန်ရှိနေပြီး စပိန်နဲ့ ဆီဗီလာမြို့မှာ ကစားမယ့်ပွဲက ကမ္ဘာ့ဖလားကို လွတ်လွတ်ကျွတ်ကျွတ် ရောက်ရှိ၊ မရောက်ရှိဆိုတာကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က