ကင်မရွန်း နာမည်ကျော်တိုက်စစ်မှူးဟောင်းကြီး ဆင်မြူရယ်အီတူးကတော့ သမီးဖြစ်သူအတွက် ထောက်ပံ့ကြေးမပေးခဲ့လို့ ထောင်ကျမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ သူဟာ သမီးဖြစ်သူ အီရီကာအတွက် တလကို ယူရို ၁၄၀၀ နှုန်း နဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွက် ပေးဆောင်ရဖို့ ရှိနေခဲ့ပေမယ့် မပေးခဲ့တာကြောင့် ပြသနာဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အီတူးကို အီရီကာရဲ့ ဖခင်အရင်းအဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ မက်ဒရစ်တရားရုံးက တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။ ဒါကြောင့် တရားရုံးက အီတူးအနေနဲ့ ကလေးထောက်ပံ့စရိတ်အဖြစ် လစဉ်ပေးချေဖို့လည်း အမိန့်ချမှတ်ခဲ့ကာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွက်လည်း ပြန်လည်ပေးဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့် စုစုပေါင်းအားဖြင့် အီတူးက ယူရို ၉ သောင်းအထိ သမီးဖြစ်သူကို ထောက်ပံ့စရိတ်ပေးချေရမှာဖြစ်တယ်လို့ အီရီကာရဲ့ရှေ့နေဖြစ်သူကလည်း အတည်ပြုခဲ့ပါတယ်။ အီတူးအနေနဲ့ တရားရုံးအမိန့်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့လည်း ရှေ့နေက သတိပေးခဲ့ပါတယ်။
အီတူးရဲ့ ဇနီးဟောင်း၊ အီရီကာရဲ့ မိခင်က အီတူးဟာ ကလေးကို မမွေးဖို့အတွက် ပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ကလေးမွေးချိန်မှာ အီတူးက အဆက်အသွယ်မလုပ်တော့ဘဲ ဖြတ်တောက်ပစ်ခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ၁၉၉၉ မှာ အီရီကာကို မွေးဖွားခဲ့ပြီး တရားစွဲဆိုမှုလုပ်ခဲ့ရာမှာ မက်ဒရစ်တရားရုံးက အီတူးရဲ့ ကလေးအဖြစ် အသိအမှတ်ပြုခဲ့တာပါ။
အီရီကာကတော့ ဖခင်ဖြစ်သူရဲ့ ပျက်ကွက်မှုအတွက် စိတ်နာနေကာ ထောင်ဒဏ်ချမှတ်ခံရတဲ့အထိ ဖြစ်စေချင်နေတယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာနာမည်ကျော်တိုက်စစ်မှူးဟောင်းအတွက် ယူရို ၉ သောင်းပမာဏဟာ များပြားတယ်လို့ မဆိုနိုင်ပေမယ့် အီတူးကတော့ ပေးချေဖို့ကို ပျက်ကွက်ခဲ့လို့ အခုတော့ အခက်ကြုံနေရပြီဖြစ်ပါတယ်။