ဖရန်ကီဒီဂျောင်ကတော့ ဘာကာမှာပဲ ဆက်နေမယ်ဖြစ်နေတာပါ။

ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ ဘာစီလိုနာမှာ အောင်မြင်မှုရရှိဖို့ ယုံကြည်နေဆဲဖြစ်ကြောင်း ထပ်မံပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားကို ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ကလည်း ခေါ်ယူချင်နေပြီး ဆက်တိုက်စည်းရုံးနေတာပါ။



ဒါပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်ကစားချင်တာကြောင့် ယူရိုပါလိဂ်ပဲဝင်တဲ့ ယူနိုက်တက်ကို အကြိမ်ကြိမ် ငြင်းဆန်နေဟန်ရှိပါတယ်။ အခုတခါမှာလည်း ဒီဂျောင်က “ဘာစီလိုနာမှာ အောင်မြင်မှုရဖို့အတွက် ကျနော့်ဆီမှာ လုံလောက်တဲ့ ယုံကြည်မှုရှိပါတယ်။ ကျနော်မကြောက်ပါဘူး”

“ကျနော် ဘာစီလိုနာနည်းပြ ဇာဗီနဲ့လည်း စကားပြောထားပြီး အရမ်းကိုကောင်းတဲ့ ဆွေးနွေးမှုတခုဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျနော် ပြောနေမှာမဟုတ်ပါဘူး။ အခြားအသင်းနာမည်ကို ကျနော်ထည့်တောင်မပြောပါဘူး။ ကျနော်က ပွင့်ပွင့်လင်းလင်းသမားပါ။ ချိတ်ဆက်မှုတွေ ရှိနေတာကို ကျနော်နားလည်ပါတယ်”

“ဒါပေမယ့် အဆုံးသတ်က အဲ့ဒီလောက်မခက်ပါဘူး။ လက်တွေ့ကျကျပဲစဥ်းစားတာပေါ့။ အေဂျက်စ်မှာ တန်ဟက်ခ်နဲ့ လက်တွဲအလုပ်လုပ်ခဲ့ရတာ ပျော်ပါတယ်။ ဒါပေမယ့် ကျနော့်အနာဂတ်ကို မသိပါဘူး။ ကျနော်ကတော့ ဘာစီလိုနာမှာပဲ ဆက်နေဖို့ စဥ်းစားပါတယ်။ ဒီအသင်းက ကျနော့်ရဲ့အိပ်မက်အသင်းတသင်းဆိုတာ ကျနော်ပြောပြီးသားပါ”

“အခုလည်း ဒီအတိုင်းပါပဲ။ အသင်းတာဝန်ရှိသူတွေဆီကလည်း ကျနော် ဘာမှမကြားပါဘူး။ ဒီတော့ ဘာမှမဖြစ်ဘူးဆိုတာကို ကျနော် အာမခံနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီဂျောင်ဟာ တန်ဟက်ခ်လက်ထက် ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်လာဖို့ ပစ်မှတ်ထားခံနေရပေမယ့် အခုတိုင်းသာဆိုရင်တော့ ယူနိုက်တက်တို့ အခြားကစားသမားကိုသာ ပြောင်းလဲပစ်မှတ်ထားသင့်နေပြီဖြစ်ပါတယ်။  

Share

က္က