ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက် အသည်းကွဲနေပြီဆိုရင် ကိုယ့်ကိုလာရင်ဖွင့်တော့မှာ အသေအချာပါပဲ။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့သူငယ်ချင်းခံစားနေရတဲ့ အချစ်ဝေဒနာတွေသက်သာသွားစေဖို့ မှန်ကန်တဲ့စကားလေးတွေနဲ့ နှစ်သိမ့်ပေးတတ်ဖို့လိုပါတယ်။ အဲဒီအတွက် ဦးနှောက်မစားရလေအောင် အသည်းကွဲနေတဲ့သူငယ်ချင်းကို နှစ်သိမ့်တဲ့အခါ ပြောသင့်တဲ့စကား၊ မပြောသင့်တဲ့စကားလေးတွေကို အကြံပြုပေးပါရစေ။
ပြောသင့်တဲ့စကားလေးတွေ
Photo: depositsphoto
ငိုချလိုက် သူငယ်ချင်း
ဝမ်းနည်းစရာနဲ့ကြုံရတဲ့အချိန်မှာ ဝမ်းနည်းတာ သဘာဝပါပဲ။ ဒီလိုအချိန်မှာ 'ဘာမှဝမ်းနည်းနေစရာအကြောင်းမရှိဘူး' လို့ပြောနေတာထက် သူ့ရဲ့ဝမ်းနည်းမှုကိုအသိအမှတ်ပြုပေးလိုက်တာက ပိုပြီးနှစ်သိမ့်ပေးရာရောက်ပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်း သူ့ရဲ့ဝမ်းနည်းမှုတွေသက်သာသွားအောင် ငိုခွင့်ပေးလိုက်ပါ။
ရှေ့လျှောက် ပိုအဆင်ပြေလာလိမ့်မယ်သူငယ်ချင်း
လောလောဆယ် ချစ်သူလမ်းခွဲလိုက်ရလို့ ဝမ်းနည်းနေရပေမဲ့ ဘဝမှာရှေ့လျှောက်ပိုပြီး ကောင်းမွန်တဲ့ကိစ္စတွေနဲ့ ကြုံလာရဦး မယ်ဆိုတာ သူငယ်ချင်းဖြစ်သူ သတိပြုမိအောင်ပြောပေးပါ။ single ဘဝရဲ့လွပ်လပ်မှုအရသာနဲ့ အချစ်ထက်ပိုအရေးကြီးတဲ့ တခြားကိစ္စတွေအတွက် အချိန်ပေးလို့ရနိုင်တဲ့အကြောင်းပြောပေးရင် ပိုတောက်ပတဲ့ဘဝကို သူမြင်ယောင်လာအောင် ပုံဖော်ပြပေးလိုက်ပါ။
Photo: freepik
အသည်းကွဲတယ်ဆိုတာ ခနပါ
အခုအချိန်မှာ အားရပါးရငိုချလိုက်။အချိန်တန်ရင် ဒီခံစားချက်ကလည်း လောကနိယာမအရ ပြေပျောက်သွားဦးမှာ။ 'ဒါလည်းပြီးသွားမှာပါ' ဆိုတဲ့စကားလေးအတိုင်းပေါ့။ ဒါကိုကိုယ့်ရဲ့သူငယ်ချင်း ငိုလို့ဝသွားတဲ့အချိန်ရောက်မှ နားဝင်အောင် ပြောပြပေးလိုက်ပါ။
လုံးဝမပြောသင့်တဲ့စကားတွေ
Photo: freepik
one go, two come ပဲသူငယ်ချင်း
အသည်းကွဲတဲ့အခါ ဒီစကားကို တော်တော်များများပြောဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့လောလောလတ်လတ် အသည်းကွဲနေတဲ့ သူကို ဒီစကားမျိုးသွားပြောရင် ပိုပြီးဝမ်းနည်းသွားစေတာပဲ အဖက်တင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီစကားက သူနဲ့ သူ့ချစ်သူကြားက ဆက်ဆံရေးက ဘာမှအရေးမကြီးခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်နေတာကြောင့် အသည်းကွဲမှု ဒီဂရီမြင့်နေတဲ့အချိန်မျိုးမှာ ဘယ်လိုမှလက်ခံပေးနိုင်မှာ မဟုတ်လို့ပါ။
ယောက်ျားတွေ/မိန်းမ တွေက ကောင်းကို မကောင်းဘူး
ဒီစကားကလည်း အသည်းကွဲနေတဲ့သူကို နှစ်သိမ့်သလိုလိုနဲ့ နှစ်သိမ့်ရာမရောက်တဲ့စကားမျိုးပါ။ နောက်ရင်း၊ပြောင်ရင်း ပြောတာဆိုရင် ဒီစကားကပြဿနာမရှိပေမဲ့ လက်တလောမှာ ယောက်ျားတစ်ယောက်ကြောင့်၊ ဒါမှမဟုတ် မိန်းမတစ်ယောက်ကြောင့် ခံစားနေရတဲ့သူအတွက်တော့ ဒီစကားက အကူအညီမဖြစ်ဘဲ 'နင်ဒါကို ကြိုမသိခဲ့ဘူးလား' လို့ အပြစ်တင်သလိုဖြစ်နေလို့ပါ။
အကြောင်းရှိလို့ အကျိုးဖြစ်လာတာ
ဒီစကားကလည်း အသည်းကွဲနေတဲ့ကိုယ့်သူငယ်ချင်းကို နှစ်သိမ့်မှုမပေးနိုင်တဲ့စကားမျိုးပါပဲ။ အသည်းကွဲနေတဲ့သူ တော်တော်များများက ဒီလိုစကားမျိုးကိုမကြားချင်ကြဘူးလို့ ကိုယ်တွေ့ကြုံခဲ့ဖူးသူတွေက ပြောထားပါတယ်။ ဒါကြောင့် ဒီလိုစကားမျိုးကိုပြောမယ့်အစား ဘာပြောရမှန်းမသိရင် သူငယ်ချင်းပြောသမျှနားထောင်ပေးပြီး သူငိုဖို့ ပခုံးတစ်ဖက်ငှား ပေးလိုက်တာက ပိုပြီးနှစ်သိမ့်ရာရောက်စေပါလိမ့်မယ်။
Ref: self.com