မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ မနေ့ညက ကိုပင်ဟေဂင်နဲ့ပွဲမှာ ဂိုးသွင်းခြေစွမ်းပြခဲ့ရုံတင်မကဘဲ ဒုတိယဂိုးမသွင်းခင်မှာ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဒိုနာတက်စ်ရမ်ဆက်စ်ကိုပါ ကူညီပေးခဲ့တဲ့ ဗီဒီယိုဖိုင်က ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒီပွဲမှာ မန်စီးတီးက ကိုပင်ဟေဂင်ကို ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့သွင်းဂိုးနှစ်ဂိုးအပါအဝင် ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဒီပွဲရဲ့ ဒုတိယပိုင်းအစမှာပဲ ဟာလန်းကို အနားပေးခဲ့တာကြောင့်သာ ဟာလန်းဆီက နောက်ထပ်ဟက်ထရစ်ကို မမြင်တွေ့ခဲ့ရတာလို့အားလုံးက ယုံကြည်ထားပါတယ်။ ဒီပွဲမှာ ဟာလန်းက သူ့ရဲ့ ပထမဆုံး ထိချက်ကတဆင့်ပဲ အသင်းအတွက် အဖွင့်ဂိုးကို ညာခြေနဲ့ အပိုင်ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယဂိုးပါ ထပ်မံသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးမသွင်းခင်မှာ ဟာလန်းက ကွင်းလယ်ဒိုင် ရမ်ဆက်စ်ကို ကူညီပေးခဲ့တာပါ။
ရမ်ဆက်စ်ဟာ သူ့ရဲ့ခါးကြားမှာ ထိုးထားတဲ့ Foam ဘူး ကွင်းထဲမှာ ကျသွားခဲ့တာဖြစ်ပေမယ့် မသိရှိခဲ့ပါဘူး။ ကိုပင်ဟေဂင်ကစားသမားတယောက်က ဒီဘူးကို တွေ့ခဲ့ပေမယ့် မကောက်ပေးဘဲကျော်သွားခဲ့ပြီး ဟာလန်းကတော့ ဒါကို ကောက်ယူကာ ဒိုင်လူကြီးဆီ ပစ်ပေးပြီးမှ တိုက်စစ်အတွက် ပြိုင်ဘက်ဧရိယာထဲကို ပြေးလွှားနေရာယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ ဟာလန်းက ဒီပွဲမှာ သူ့အတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာရရှိခဲ့တဲ့သွင်းဂိုးတွေကြောင့် ဒီရာသီ ပြိုင်ပွဲစုံမှာ သူ့ရဲ့ သွင်းဂိုးအရေအတွက်က (၁၉) ဂိုးအထိ ရှိလာခဲ့ပါပြီ။ အဆိုပါ နော်ဝေကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ (၁၄) ဂိုး၊ ချန်ပီယံလိဂ်မှာ (၅) ဂိုး သွင်းယူပေးထားခဲ့တာပါ။ ဟာလန်း ဒုတိယမြောက်ဂိုး သွင်းယူပြီးချိန်မှာလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ကစားသမားနဲ့ ပတ်သက်လို့ တော်တော်လေး အံ့အားသင့်နေခဲ့ရတာကို ပရိသတ်တွေလည်း မြင်တွေ့ခဲ့ရပါတယ်။
ဟာလန်းဟာ ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမစခင်မှာလည်း သူတို့ရဲ့ဂျာစီအပေါ်က ထပ်ဝတ်တဲ့ Tracksuit ကို အသင်းဝန်ထမ်းဆီ ပေးတဲ့နေရာမှာ အခြားအသင်းဖော်တွေလိုမျိုး ပစ်မပေးဘဲ လက်ထဲအရောက် သေချာပေးခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါသေးတယ်။ ဒါ့အပြင် အခု ကိုပင်ဟေဂင်နဲ့ပွဲမှာလည်း ဟာလန်းက ဒိုင်လူကြီးကိုလည်း အသည်းအသန်ကူ၊ အသင်းအတွက်လည်း ဂိုးသွင်းပေးခဲ့ပြီး ပရိသတ်တွေအတွက် တသသပြောစရာဖြစ်အောင် စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။