မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့နွေရာသီ ကစားသမားသစ်ခေါ်ယူမှုဟာ လူခေါ်တာမဟုတ်ဘဲ အသင်းအတွက် သေဆိုသေ ရှင်ဆိုရှင်မယ့် သရဲနီစိတ်ဓာတ်ရှိသူတွေကိုသာ ရွေးချယ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဂျာနယ်လစ် ရော့ဘ် ဒေါ်ဆင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်တိုနီဟာ ဒတ်ချ်လိဂ်မှာ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အိုင်းယက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ အိုင်းယက်စ်ရဲ့ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး စုစုပေါင်း ၃၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၂ ဂိုး ပါဝင်ပတ်သက်မှုရှိခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီအပြင် မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတီနက်ဇ်၊ ကက်စမဲရိုး၊ ခရစ်ရှန် အဲရစ်ဆင်၊ တိုင်ရဲလ် မာလာစီယာတို့လို ကစားသမားတွေကို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ESPN သတင်းထောက် ရော့ဘ် ဒေါ်ဆင်က မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီကစားသမားသစ်ခေါ်ယူမှုတွေအပေါ် ၎င်းရဲ့အမြင်ကို The United Stand ကို ပြောပြခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ ဒီကစားသမားတွေ အားလုံးကို ခေါ်ယူခဲ့တယ်။ ဘာလု့ိ့လဲဆိုတော့ သူတို့တွေအားလုံးက အခု ကွင်းထဲမှာ ဖြစ်နေတဲ့အရာအားလုံးကို ယူဆောင်လာမယ့်သူတွေမို့လို့ပါ။ ခင်ဗျား ဂျွန် မားတပ်ဖ်နဲ့ သူ့ရဲ့ ကစားသမားသစ်ခေါ်ယူစုဆောင်းရေးဌာနက လူတွေနဲ့ စကားပြောရင် သူတို့ခေါ်တဲ့ကစားသမားတွေက ဘောလုံးသမားဖြစ်နေရုံပဲ ဖြစ်လို့မရဘူးလို့ ပြောလိမ့်မယ်။ လီဆန်ဒရို မာတီနက်ဇ်က အိုင်းယက်စ်က အခန်းထဲကို ဝင်လာပြီး 'ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို သွားတော့မယ်'လို့ ပြောခဲ့တာကို သူတို့တွေက သဘောကျခဲ့ကြတယ်။ အိုင်းယက်စ်ကလူတွေက 'ဟင့်အင်း မင်း မသွားရပါဘူး'ဆိုပြီး ပြောကြာတယ်။ သူကလည်း 'ဟုတ်တယ် ကျွန်တော် သွားတော့မှာ။ နောက်မှ တွေ့ကြမယ်။ ကျွန်တော် သူတို့အတွက် ကစားပေးချင်တယ်'ဆိုပြီး ပြန်ပြောခဲ့တယ်။ အဲဒါမျိုးကို သူတို့တွေက နှစ်သက်တာ"
"သူတို့တွေက ဘရန့်တ်ဖို့ကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတောင် ကက်စမဲရိုးက ဖုန်းဆက်ပြီး 'ကျွန်တော် အဲဒီကို လာချင်နေတုန်းပဲ။ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော် ဒီဟာကို ပြင်ဆင်ပေးမယ်'လို့ ပြောခဲ့တာကို နှစ်သက်ခဲ့ကြတယ်။ သူတို့တွေက အန်တိုနီက အိုင်းယက်စ်က တစ်စုံယောက်နဲ့ စကားများပြီး 'ခင်ဗျား ကျွန်တော့်ကို ထွက်ခွင့်ပေးရမယ်။ ကျွန်တော် တကယ်သွားချင်နေတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးချင်နေတယ်'ဆိုပြီး ဖြစ်ခဲ့တာကို သဘောကျတယ်။ ဒါက သူတို့တွေ ဒီလို ကစားသမားသစ်တွေဆီကနေ လိုချင်တဲ့ စိတ်ဓာတ်နဲ့ စိတ်ဆန္ဒမျိုးပဲ။ အဲဒါကို ခင်ဗျား အခု ကွင်းထဲမှာ မြင်နိုင်ပါတယ်။အဲဒါက အဲရစ် တန်ဟက် ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တဲ့ဟာပဲ"လို့ ပြောကြားခဲ့ပါတယ်။