ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားကြီး မိုဒရစ်ဟာ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းသားတွေ လိုက်ပါအောင်ပွဲခံမယ့် ဘတ်စ်ကားကို ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်ပြီး အောင်ပွဲခံဖို့ ကြိုးစားခဲ့ပါတယ်။ မိုဒရစ်ရဲ့ ဒီလုပ်ရပ်က ဗီဒီယိုမှတ်တမ်းနဲ့တကွ ထွက်ပေါ်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကလည်း အံ့အားသင့်ပျော်ရွှင်ခဲ့ရပါတယ်။
အသက် (၃၆) နှစ်အရွယ် အဆိုပါကွင်းလယ်ကစားသမားကြီးဟာ အက်စ်ပန်ညိုကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခဲ့သလို အသင်းနဲ့အတူလည်း လာလီဂါချန်ပီယံဆုကို ကိုင်မြောက်ခွင့်ရရှိခဲ့ပါတယ်။ ဘာနေဗျူးကွင်းအတွင်း အောင်ပွဲခံပြီးတဲ့နောက်မှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ အောင်ပွဲခံဘတ်စ်ကားနဲ့အတူ မက်ဒရစ်မြို့အတွင်းမှာ လှည့်လည် အောင်ပွဲခံခဲ့ကြပါတယ်။
ပရိသတ်တွေဟာ ဒီပွဲမတိုင်ခင်တည်းက သရေတမှတ်ရရုံနဲ့ ချန်ပီယံဖြစ်တော့မယ့် အသင်းအပေါ် ယုံကြည်ခဲ့ပြီး မြို့တွင်းမှာ အောင်ပွဲခံအခမ်းအနားတွေ ကျင်းပဖို့ ကြိုတင်စီစဥ်ထားခဲ့ပါတယ်။ ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်အသင်းသားတွေ မြို့တွင်း လှည့်လည်အောင်ပွဲခံမယ့် အသင်းဘတ်စ်ကားမှာတော့ မိုဒရစ်တယောက် အပျော်လွန်နေခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ မိုဒရစ်ဟာ အသင်းဘတ်စ်ကားကို မောင်းနှင်ပေးနေတဲ့ ယာဥ်မောင်းဘေးနားမှာ သွားကပ်ပြီး ကားကို ကိုယ်တိုင်မောင်းနှင်ဖို့ ဆန္ဒရှိနေပုံရပါတယ်။ ဒါပေမယ့် ယာဥ်မောင်းကတော့ မိုဒရစ်ကို ပေးမောင်းခဲ့ခြင်းမရှိသလို ယာဥ်အကူအဖြစ် လိုက်ပါလာတဲ့ ဝန်ထမ်းကလည်း မိုဒရစ်ကို ဖျောင်းဖျနေခဲ့ပုံရပါတယ်။
ဒါပေမယ့်လည်း မိုဒရစ်ကတော့ ယာဥ်မောင်းဘေးနားမှာပဲ ဆက်ရှိနေခဲ့ကာ ပျော်ပျော်ပါးပါး အောင်ပွဲခံနေခဲ့ပါတယ်။ မိုဒရစ်ဟာ အသက်အရွယ်ရလာပြီဆိုပေမယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်အတွက် အားကိုးရတဲ့ ကစားသမားအဖြစ် အသုံးတော်ခံနေဆဲဖြစ်ပြီး အသင်းမှာပဲ ကစားသမားဘဝကို ကုန်ဆုံးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။