ဆိုးလ်ရှားရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဟယ်ရီရက်နက်ပ်က ပြောကြားခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဟယ်ရီရက်နက်ပ်က နည်းပြဆိုးလ်ရှားကို ဒီည ကစားမယ့် လီဗာပူးနဲ့ပွဲမတိုင်ခင်မှာ သတိပေးစကား ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲမှာ ရမှတ် (၁) မှတ်သာ ရရှိထားတဲ့အသင်းပါ။



လီဗာပူးကတော့ ပုံစံကောင်းတွေ ပြသနေတဲ့အသင်းဖြစ်ပြီး ဒီညမှာ လီဗာပူးကိုဧည့်ခံကစားမယ့်ပွဲက ဆိုးလ်ရှားရဲ့ အနာဂတ်အပေါ် တစ်စုံတစ်ခု အကျိုးသက်ရောက်လာနိုင်တယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဆိုးလ်ရှားမတိုင်ခင် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ လီဗာပူးကို ရှုံးနိမ့်ပြီး ရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒီဖြစ်ရပ်ကိုလည်း ပွဲမတိုင်ခင်မှာ ပရိသတ်တွေက မီးမောင်းထိုးပြနေကြတာပါ။

ဆိုးလ်ရှားဟာ ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တာကြောင့် ဘောလုံးဝေဖန်သုံးသပ်ရေးသမားတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ရွိုင်ကိန်းတို့ဆီက ကာကွယ်မှုတွေရနေတယ်လို့လည်း လီဗာပူးဂန္တဝင်ကစားသမား ကာရေဂါက ပြောကြားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာလည်း ဂန္တဝင်တစ်ယောက်ဖြစ်သည့်တိုင် အနာဂတ်နဲ့ပတ်သက်လို့ စိတ်မချရတဲ့အကြောင်း ရက်နက်ပ်က ဆိုးလ်ရှားကို အခုလိုပဲသတိပေးခဲ့ပါတယ်။

ရက်နက်ပ်က “ဆိုးလ်ရှားက လူချစ်လူခင်ပေါတယ်ဆိုတာကို သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီအချက်က သူ့အနေနဲ့ ယူနိုက်တက်နည်းပြရာထူးက အထုတ်မခံရဘူးလို့ သေချာပေါက်တွက်ထားလို့ မရတဲ့ ကိစ္စတစ်ခုပါ။ သူ ယူနိုက်တက်မှာ ဘယ်လောက်ပဲ အချစ်ခံရပါစေဦးပေါ့”

“ယူနိုက်တက်က ဆိုးလ်ရှားကို ထုတ်ပစ်တော့မယ်လို့ ကျွန်တော်ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ အသင်းရဲ့ဂန္တဝင်တစ်ယောက်ဖြစ်နေသည့်တိုင် ပေါက်ကွဲမှုဒဏ်ကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ဂလင်းဟော်ဒယ်တို့ စပါးမှာ ရလဒ်မကောင်းခဲ့တော့ ခင်ဗျားတို့အမြင်ပဲလေ။ လမ်းပတ်ဆိုလည်း ချဲလ်ဆီးရဲ့ တကယ့်ဂန္တဝင်ကစားသမားကြီးပါ။ သူ ဘာတွေဖြစ်ပျက်ခဲ့လဲ ခင်ဗျားတို့သိတာပဲ”

“ဘောလုံးမှာ ဒီအတွက် ခံစားချက်တွေမရှိပါဘူး။ ကျွန်တော်ပြောတာကို ယုံပါ။ ဆိုးလ်ရှားအတွက် ဖိအားတွေရှိနေပါတယ်။ လီဗာပူးကိုရှုံးလိုက်ရင် ဒါက ပိုမိုဆိုးရွားလာပါလိမ့်မယ်။ ယူနိုက်တက်က လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့ အခွင့်အရေးမရှိပါဘူး။ ဒါပေမယ့် အဆင့် (၄) အတွင်းဝင်ရုံလောက်နဲ့လည်း မလုံလောက်တော့ပါဘူး” လို့ သုံးသပ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ 

Share

က္က