ဒီနေ့မှာ အသင်းဟောင်းချယ်လ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ်မှာ ဝက်စ်ဟမ်းနောက်ခံလူဇူးမားက စိတ်လှုပ်ရှားမိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဇူးမားဟာ ချယ်လ်ဆီးမှာ ၇ နှစ်ကြာကစားခဲ့သူဖြစ်ပြီး အဆိုပါကာလတွေအတွင်း အငှားထွက်ကစားရမှုတွေလည်း ရှိခဲ့ပေမယ့် ချယ်လ်ဆီးနဲ့တော့ တစ်ကြိမ်မှ ရင်ဆိုင်ခဲ့ဖူးခြင်းမရှိသူဖြစ်ပါတယ်။
ဝက်စ်ဟမ်းကို ဒီရာသီမှာ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပြီးနောက် ဇူးမားဟာ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့ အမာခံကစားသမားအဖြစ် ဇူးမားက ခြေစွမ်းပြသနေသူဖြစ်ပြိး အသင်းမှာပျော်ရွှင်နေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးနဲ့ ပြန်ရင်ဆိုင်ရမှုမှာ သူ့အနေနဲ့ သစ္စာတရားတွေကိုရောထွေးပစ်မှာလည်းမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
"ချယ်လ်ဆီးအသင်းဖော်တွေနဲ့ ပြန်တွေ့ရမှာမို့ တကယ်စိတ်လှုပ်ရှားရပါတယ်၊ အဲဒီမှာ ကျွန်တော်နှစ်အကြာကြီးရှိနေခဲ့တာလေ၊ ဒါပေမယ့် ဒါက ဘောလုံးပွဲပါ၊ အခြားအသင်းတွေနဲ့ ရင်ဆိုင်ခဲ့တုန်းကလိုပဲ ဝက်စ်ဟမ်းအနိုင်ရဖို့အတွက် ကျွန်တော်ကြိုးစားသွားမှာပါ၊ ချယ်လ်ဆီးကို ကျွန်တော်အနိုင်ရချင်တယ်၊ ဘာလို့လဲဆိုတော့ အားလုံးကို ကျွန်တော်က အနိုင်ယူချင်တာမို့ပါ"
"ခက်ခဲတဲ့ပွဲတပွဲဖြစ်မယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် အခု ကျွန်တော်က ဝက်စ်ဟမ်းအတွက်ကစားနေတာပါ၊ သူတို့ကို အခက်တွေ့အောင် အကောင်းဆုံးနည်းတွေကို အသုံးပြုသွားမှာပါ" လို့ ဇူးမားက ဝက်စ်ဟမ်းတီဗွီကတဆင့် ပြောဆိုသွားခဲ့ပါတယ်။