ယူနိုက်တက်နောက်ခံလူ လုခ်ရှောက ယူနိုက်တက်တို့ ဘရိုက်တန်နဲ့ပွဲမှာ အရေးနိမ့်ခဲ့တဲ့ပွဲအပြီး အသင်းရဲ့ အဆုံးသတ်ပိုင်းစွမ်းရည်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ အပြန်အလှန် အခွင့်အရေးတွေရခဲ့ပေမယ့် နှစ်သင်းလုံး အသုံးမချနိုင်ခဲ့ဘဲ နောက်ဆုံးမိနစ် ပင်နယ်တီသွင်းဂိုးသာ မြင်တွေ့ခဲ့ရတာပါ။
ဒီပင်နယ်တီကတော့ လုခ်ရှောရဲ့ လက်ထိဘောကြောင့်ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က VAR အဆုံးအဖြတ်နဲ့အတူ ဘရိုက်တန်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာပါ။ ဒီပင်နယ်တီကို ဘရိုက်တန်ကွင်းလယ်လူ မက်အယ်လစ္စတာက သွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လုခ်ရှောက “အဓိကပြဿနာက ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့လို့ပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ အပိုင် အခွင့်အရေး သုံးလေးကြိမ်လောက်ရခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဂိုးရခဲ့သင့်တာပါ။ ဒီရာသီမှာ ဒါမျိုးတွေ အများကြီးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်အမှားဆီကို ရောက်လာခဲ့ပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့က ရတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေနဲ့သာ ဂိုးရခဲ့ရင် ပွဲက လုံးဝကို ပြောင်းလဲသွားခဲ့မှာပါ။ လက်ထိဘောအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါက ပွဲအဖြေကို ပြောင်းလဲပေးသွားခဲ့ပါတယ်”
“ကျွန်တော့်လက်က ဘာလို့ အဲ့ဒီနားမှာ ရှိနေမှန်းတောင် ကျွန်တော် မရှင်းပြနိုင်ပါဘူး။ ဒါက အမှတ်ဆုံးရှုံးစေခဲ့တဲ့၊ မိုက်ရူးရဲဆန်တဲ့ အမှားတစ်ခုဖြစ်ခဲ့ပါတယ်။ တကယ်ကို စိတ်ပျက်စရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် အဆင့် (၄) နေရာမှာသာ ဆက်လက်ရပ်တည်နေခဲ့ပြီး လီဗာပူးထက် တစ်ပွဲလျော့၊ ရမှတ် (၄) မှတ်အသာ ရရှိထားဆဲဖြစ်ပါတယ်။