ချဲလ်ဆီး နည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ ချန်ပီယံဆုမျှော်လင့်ချက်နဲ့ ပတ်သက်လို့ အခုချိန်မှာ မစဥ်းစားနိုင်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ သရေကျခဲ့ပြီး ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ (၈) မှတ်အထိ ကွာဟသွားခဲ့ပါပြီ။
ဘရိုက်တန်နဲ့ပွဲမှာ ချဲလ်ဆီးတို့ အဓိကနောက်ခံလူ ရီစီဂျိမ်းစ် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး အသင်းမှာလည်း ကိုဗစ်ပြဿနာတွေ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အခြားနောက်ခံလူ ခရစ္စတန်ဆန်လည်း ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရပြီး ချဲလ်ဆီးအနေနဲ့ လာမယ့်ပွဲတွေအတွက် ခံစစ်ပိုင်းမှာ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်ရတော့မှာပါ။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နိုဝင်ဘာကနေ အခု ဒီဇင်ဘာအထိ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဥ်တွေမှာ နိုင်ပွဲတပွဲသာရရှိထားခဲ့ပြီး ဒီလိုအချိန်မျိုးမှာ အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်နဲ့ ပတ်သက်လို့တော့ တူဟယ်လ်က ဘာမှမစဥ်းစားနိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
တူဟယ်လ်က “ကျနော်တို့ ဘယ်လိုလုပ် ပရီးမီးယားလိဂ် ချန်ပီယံဆုအကြောင်း ပြောနိုင်မှာလဲဗျာ? အသင်းမှာ ကိုဗစ်ဖြစ်နေတာ (၇) ယောက်ရှိတယ်။ နောက်ထပ် ကစားသမား (၅) ယောက် (၆) ယောက်လောက်က (၆) ပတ်နဲ့ အထက် အနားယူရဦးမယ်”
“ဒီလိုအချိန်မျိုးမှာ ကျနော်တို့က ချန်ပီယံဆုအကြောင်း ပြောနေရင် ရူးနေလို့ပဲပေါ့။ ကြံ့ခိုင်မှုပြည့်တဲ့ ကစားသမား (၂၃) ယောက်တောင်မရှိဘဲ ကျနော်တို့ ချန်ပီယံဆုမှန်းနေလို့မရပါဘူး။ ပွဲကစားရုံပဲရပါမယ်။ ဘရိုက်တန်နဲ့ပွဲမတိုင်ခင်တည်းက ဒီပွဲက ခက်ခဲကြမ်းတမ်းမယ့်ပွဲဆိုတာ ကျနော်သိပါတယ်”
“သူတို့က ကောင်းကောင်းပြင်ဆင်နိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တူဟယ်လ်ဟာ ဝုလ်ဗ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမတိုင်ခင်ကလည်း ကိုဗစ်ပြဿနာတွေကြောင့် ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်က လက်မခံခဲ့သလို လူစားလဲမှု (၅) ယောက် ပြန်လည်ကျင့်သုံးဖို့အတွက်လည်း တောင်းဆိုထားပါသေးတယ်။