ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က ယူနိုက်တက်အနေနဲ့ အသင်းမှာ ရှိတဲ့ ကစားသမား လေးယောက်ကို ရောင်းထုတ်ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ရှာဖွေသင့်ကြောင်း ပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် စပါးဘက်က ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ တောင်းဆိုနေပြီး ဥက္ကဌ လီဗိုင်းကလည်း သူ့ရဲ့ အဓိက,ကစားသမားကို ပရီးမီးယားလိဂ် ပြိုင်ဘက်ထံ ရောင်းချလိုခြင်း မရှိပါဘူး။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
ဖာဒီနန်ကတော့ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေပြီး တွမ်မီနေး၊ မက်ဂွိုင်းရား၊ မာရှယ်လ်နဲ့ အီလန်ဂါတို့ကို ရောင်းထုတ်ဖို့ အသင်းကို အကြံပေးလိုက်ပါတယ်။ ဖာဒီနန်က “တွမ်မီနေးအတွက်တော့ အသင်းသစ် ရှာဖွေဖို့ဆိုတာ မခက်ခဲပါဘူး။ သူက အရမ်းကိုကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ မက်ဂွိုင်းရားအနေနဲ့လည်း တတိယ ဒါမှမဟုတ် စတုတ္ထဦးစားပေးဖြစ်နေတာထက်စာရင် ရွေးချယ်စရာအသစ်ကို ရှာဖွေတာက သူ့အတွက် ပိုကောင်းမှာပါ”
“အီလန်ဂါကလည်း ပွဲကစားခွင့်မရပါဘူး။ မာရှယ်လ်ကလည်း သူ့ရဲ့ အကောင်းဆုံးပုံစံကို မထိန်းသိမ်းနိုင်ပါဘူး။ ဒီလေးယောက်ကိုသာ ရောင်းထုတ်လိုက်ရင် ကျွန်တော့်အထင် ပေါင်သန်း (၁၀၀) ရနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကလည်း လာမယ့်နွေရာသီမှာ ကြီးမားတဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်လိုနေပါတယ်။
ဒါပေမယ့်လည်း အသင်းပိုင်ရှင်အသစ် ကိစ္စ မပြေလည်သေးတာကြောင့် အပြောင်းအရွှေ့မှာ ငွေကြေး ဘယ်လောက်အသုံးပြုခွင့်ရမယ်ဆိုတာကို မသိရှိနိုင်သေးပါဘူး။ ဒါ့အပြင် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်ပစ်ဖို့လည်း လိုအပ်နေပြီး ဒီကတစ်ဆင့် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ တန်ဟက်ခ် စိတ်ကြိုက် ကစားသမားတွေကို စျေးကွက်ထဲမှာ ဝင်ရောက် ကြိုးပမ်းရမှာဖြစ်ပါတယ်။