ယူနိုက်တက်ရဲ့တိုက်စစ်မှူးဟောင်း ဂျာဗီယာဟာနန်ဒက်ဇ်က ယူနိုက်တက်ကသာ သူ့ကိုလိုအပ်တယ်ဆိုရင် အလကားပြန်ကစားပေးနိုင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ချီချာရီတိုလို့လည်း အဓိကလူသိများခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ အသင်းမှာ (၅) နှစ်ကြာ ဖြတ်သန်းခဲ့ဖူးတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။
အဆိုပါ မက္ကဆီကိုတိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ (၅၉) ဂိုးသွင်းယူပေးခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်က တိုက်စစ်မှူးသစ်ရှာဖွေနေရပြီး ဟာနန်ဒက်ဇ်ကတော့ သူချစ်ရတဲ့အသင်းဟောင်းနဲ့ ပတ်သက်လို့ အခုလိုပဲ ကမ်းလှမ်းလိုက်ပါတယ်။
ဟာနန်ဒက်ဇ်က “ယူနိုက်တက်ကသာ ကျနော့်အတွက် ကမ်းလှမ်းလာမယ်ဆိုရင် ကျနော် အလကားကစားပေးဖို့တောင် လက်ခံမှာပါ။ သိပ်မှန်တာပေါ့ဗျာ။ ကျနော် ဒါမျိုးလုပ်နိုင်တာကို ခင်ဗျားတို့လည်း သိပါတယ်” လို့ The Mirror နဲ့ တွေ့ဆုံခန်းမှာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအသင်း အယ်လ်အေဂလက်ဆီအပေါ် လေးစားမှုရှိကြောင်းလည်း ဟာနန်ဒက်ဇ်က ပြသခဲ့ပါတယ်။
ဟာနန်ဒက်ဇ်က “ဒါပေမယ့် ကျနော် အခုချိန်မှာ ကျနော့်အသင်းအပေါ်မှာ အရမ်းကို လေးစားမှုရှိချင်ပါတယ်။ အသင်းအတွက် ကျနော်တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ကစားပေးနေပြီး ကျနော့်စိတ်ထဲမှာ အယ်လ်အေဂလက်ဆီနဲ့အတူ ချန်ပီယံဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။ အနာဂတ်မှာ ကိစ္စတွေဖြစ်ပျက်မယ့်အချိန်ရောက်လာရင်တော့ ဖြစ်သွားမှာပေါ့ဗျာ”
“ဒါပေမယ့် အခု ကျနော့်စိတ်ထဲမှာတော့ အယ်လ်အေဂလက်ဆီအတွက်ပဲ (၁၀၀) ရာခိုင်နှုန်းပြည့် အာရုံစိုက်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ဟာနန်ဒက်ဇ်က လက်ရှိအချိန်မှာ အသက် (၃၄) နှစ်အရွယ်ရှိနေပြီး တန်ဟက်ခ်စိတ်ကြိုက်ကစားသမားဖြစ်ဖို့ဆိုတာလည်း မသေချာသေးပါဘူး။ ဒီကစားသမားက ယူနိုက်တက်ကစားသမားဘဝမှာတုန်းက ချဲလ်ဆီးနဲ့တွေ့တိုင်း ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ သူ့ရဲ့ ပထမဆုံးဂိုးကိုလည်း ချဲလ်ဆီးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။