ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာဟာ အသင်းကနေ သူ ထွက်ခွာတော့မယ်လို့ အသင်းဖော်တွေကို ပြောဆိုခဲ့သလို WhatsApp Group ကနေလည်း ထွက်သွားခဲ့ပြီလို့ သိရပါတယ်။ နည်းပြရန်းဂ်နစ်ခ်ကလည်း ပြင်သစ်ကွင်းလယ်လူဟာ အသင်းမှာဆက်ရှိနေမှာမဟုတ်တော့ဘူးလို့ အတည်ပြုထားခဲ့ပြီး ပေါ့ဂ်ဘာရဲ့ ယူနိုက်တက်ကစားသမားဘ၀က မကြာခင်ပြီးဆုံးတော့မှာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ သူ့ကို ယူနိုက်တက်က ဒုတိယအကြိမ်မြောက် အလွတ်ထွက်ခွာခွင့်ပေးရမှာလည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာကို ကမ်းလှမ်းမှုပြုလုပ်ထားတဲ့ အသင်းတွေရှိတယ်လို့သိရပြီး ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့ဖြစ်ကာ ကမ်းလှမ်းမှုတွေတောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ ပွဲချိန်အစောပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတဲ့ ပေါ့ဂ်ဘာက လက်ကျန်ရာသီပွဲစဉ်တွေကို ကစားပေးနိုင်တော့မှာမဟုတ်ဘူးလို့လည်း နည်းပြရန်းဂ်နစ်ခ်က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာဟာ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာတော့ အသင်းအတွက် သူ မကူညီပေးနိုင်ခဲ့လို့ စိတ်ပျက်ရကြောင်းပြောဆိုခဲ့ပြီး အသင်းအတွက် ရာသီမကုန်ခင် ပြန်ကစားပေးဖို့ အားထုတ်နေတယ်လို့ အသိပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆိုးရွားနေတဲ့အသင်းအခြေအနေကြောင့် လာမယ့်ရာသီအတွက် နည်းပြသစ်အဖြစ် အေဂျက်ဇ်နည်းပြတန်ဟက်ဂျ်ကို ခန့်အပ်ထားပြီးဖြစ်ပါတယ်။ သူ့လက်ထက်မှာ အပြောင်းအလဲတွေအများကြီးနဲ့ ယူနိုက်တက်ကို မြင်တွေ့ရဖို့ရှိနေပြီး ပေါ့ဂ်ဘာအပြင် ယူနိုက်တက်က ထွက်ခွာမယ့်ကစားသမားတွေကလည်း အများအပြားရှိနေပါတယ်။