ရော်နယ်ဒိုက အသင်းသစ်မှာ လစာလျှော့ယူဖို့ ဆုံးဖြတ်ထားတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်အားထက်သန်နေပြီး အသင်းသစ်မှာ လစာလျှော့ယူရရင်တောင် သူ့အတွက် ပြဿနာမရှိဘူးလို့ သတင်းတွေက ဖော်ပြနေပါတယ်။ ရော်နယ်ဒိုရဲ့ အဓိကရည်ရွယ်ချက်က ချန်ပီယံလိဂ်ကစားခွင့်ရဖို့ဖြစ်ပါတယ်။



ဒီကစားသမားရဲ့ လက်ရှိတပတ်လုပ်ခက ပေါင် (၄) သိန်းဝန်းကျင်မှာရှိနေပြီး အချို့အသင်းတွေအတွက် အသက် (၃၇) နှစ်အရွယ် ကစားသမားကို ဒီလုပ်ခပေးချေဖို့ ခက်ခဲနေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက သူ့အတွက် သင့်တင့်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိမယ်ဆိုရင် ယူနိုက်တက်ကနေ ထွက်ခွာမှာဖြစ်ပြီး လစာငွေက သူ့အတွက် ပြဿနာမဟုတ်ဘူးလို့ သိရှိရပါတယ်။

ရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ကန်မယ့် ယူနိုက်တက်နဲ့အတူ ဆက်ကစားရင်လည်း သူ့အတွက် သမိုင်းတလျှောက် လုပ်ခအနည်းဆုံးရာသီတခုကို ဖြတ်သန်းရမှာပါ။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရတာကြောင့် ကစားသမားတွေဟာ ကြိုတင်သဘောတူညီထားတဲ့ သတ်မှတ်ပမာဏအတိုင်း လစာငွေလျှော့ယူရမှာဖြစ်ပါတယ်။

The Independent ရဲ့ဖော်ပြချက်အရတော့ ရော်နယ်ဒိုကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ အချို့အသင်းတွေ စိတ်မဝင်စားတာက ကစားသမားအနေနဲ့ လစာငွေလျှော့ယူလိုဟန်မရှိတာကြောင့်လို့ သိရပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ကစားသမားဘဝ ရည်မှန်းချက်ကသာ ပိုမိုအရေးကြီးတယ်လို့ ခံယူထားဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးတို့က ရော်နယ်ဒိုအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

ဘိုင်ယန်မြူးနစ်က လီဝန်ဒေါစကီးရဲ့ အပြောင်းအရွှေ့အပေါ် မူတည်နေပြီး ချဲလ်ဆီးမှာလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလီက အလိုရှိနေသည့်တိုင် နည်းပြ တူဟယ်လ်က ရော်နယ်ဒိုကို ခေါ်ယူရေးအတွက် စိတ်ဝင်စားဟန်မပြသေးဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ပြည်တွင်းပြိုင်ဘက်အသင်းထံ ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က