ဘင်ဆာလ်မန်က အင်တာမီလန်ကိုထပ်မံဝယ်ယူဖို့ ဆန္ဒရှိနေတာပါ။

နယူးကာဆယ်ပိုင်ရှင်သစ် မိုဟာမက်ဘင်ဆာလ်မန်ဟာ နယူးကာဆယ်ကို ဝယ်ယူအပြီး ရက်ပိုင်းအတွင်းမှာပဲ အီတလီစီးရီးအေက နာမည်ကျော်ကလပ် အင်တာမီလန်ကို ထပ်မံဝယ်ယူဖို့ ပြင်ဆင်လာပါတယ်။



ဘင်ဆာလ်မန်ပိုင်ဆိုင်တဲ့ Public Investment Fund (PIF) ဟာ PCP Capital Partners, R & B Sports Media တို့နဲ့အတူ ပူးပေါင်းပြီး နယူးကာဆယ်ကို ပေါင်သန်း (၃၀၀) နဲ့ ဝယ်ယူခဲ့တာပါ။ လတ်တလော အသင်းရဲ့ စီမံခန့်ခွဲမှုတွေကိုတော့ အမျိုးသမီးဒါရိုက်တာ အမန်ဒါစတဗ်လေက ကြီးကြပ်နေပြီး ဘင်ဆာလ်မန်ကတော့ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ အင်တာမီလန်ကို ဝယ်ယူဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အီတလီဘက်ကလာတဲ့သတင်းတွေအရတော့ အင်တာမီလန်ပိုင်ရှင် တရုတ်လူမျိုးဇန်က သူ့အသင်းကို ယူရို (၁) ဘီလီယံနဲ့ ဘင်ဆာလ်မန်ဆီ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရှိရပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာအတွင်းက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ရီးရဲယ်မက်ဒရစ် ချန်ပီယံလိဂ်ပွဲစဥ်၊ မီလန်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုတွေက အဆင်ပြေချောမွေ့ခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘင်ဆာလ်မန်ဟာ နယူးကာဆယ်ကို မဝယ်ခင်တည်းက ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဲ့ဒီအချိန်က ဂလေဇာမိသားစုက ယူနိုက်တက်ကိုရောင်းချဖို့ လုံးဝဆန္ဒမရှိခဲ့တာကြောင့် နယူးကာဆယ်ဘက်ကို မြားဦးလှည့်ခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့သေးတာပါ။

ဘင်ဆာလ်မန်အနေနဲ့ ပြီးခဲ့တဲ့ (၂၀၂၀) အတွင်း နယူးကာဆယ်ကို ဝယ်ယူဖို့ ပျက်ပြယ်ခဲ့တဲ့နောက်မှာလည်း အင်တာမီလန်ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဘင်ဆာလ်မန်ဟာ နယူးကာဆယ်ကို အောင်မြင်စွာဝယ်ယူခဲ့ပြီး အင်တာမီလန်ကိုပါ တစ်ပါတည်းဝယ်ယူဖို့ ပစ်မှတ်ထားလာတာပါ။

ဘင်ဆာလ်မန်ဟာ နိုင်ငံရေးလောကမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နာမည်ပျက်တွေရှိခဲ့ပြီး နယူးကာဆယ်ကို ဝယ်ယူခွင့်ပြုခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့လုပ်ရပ်ကိုလည်း ကျန်တဲ့အသင်း (၁၉) သင်းက ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ 

Share

က္က