နေချင်ရင် စာချုပ်မှာ လက်မှတ်ထိုး၊ မနေချင်ရင် အခုကတည်းက လစ်ဆိုပြီး သတိပေးလိုက်တာပါ။

ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလိုင်ဖီက အမ်ဘာပေအနေနဲ့ အသင်းမှာ ဆက်နေ၊ မနေဆိုတာကို နှစ်ပတ်အတွင်း ဆုံးဖြတ်ချက်ချရမှာဖြစ်ပြီး စာချုပ်သက်တမ်း မတိုးရင် ဒီနွေရာသီမှာကတည်းက ရောင်းချမယ်လို့ သတိပေးလိုက်ပါတယ်။ အမ်ဘာပေရဲ့ စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။



နှစ်ဦးနှစ်ဖက်အကြား စာချုပ်သက်တမ်း (၁) နှစ် သက်တမ်းတိုးခွင့်ရှိနေတယ်ဆိုပေမယ့် အမ်ဘာပေကတော့ လာမယ့်‌ (၂၀၂၄) ခုနှစ်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိရာသီမှာ အသင်းမှာ ဆက်နေသည့်တိုင် လာမယ့်နွေမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို စွန့်ခွာဖို့ စီစဥ်ထားပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီဘက်ကတော့ ဒါကို လက်ခံမှာ မဟုတ်ဘဲ စာချုပ်သက်တမ်းတိုးရင်တိုး ဒါမှမဟုတ် လက်ရှိနွေရာသီမှာကတည်းက အသင်းက ထွက်ရမှာဖြစ်ကြောင်း အမ်ဘာပေကို သတိပေးလိုက်ပါတယ်။ ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလိုင်ဖီက “အမ်ဘာပေအနေနဲ့ သူ့ရဲ့အနာဂတ်ကို လာမယ့်တစ်ပတ်၊ နှစ်ပတ်အတွင်း သေချာပေါက် ဆုံးဖြတ်ရပါလိမ့်မယ်”

“တကယ်လို့ သူသာ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘူးဆိုရင် အသင်းက ထွက်သွားဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်။ အသင်းထက် ကြီးမားတဲ့သူ၊ အသင်းထက် ကြီးမားတဲ့ ကစားသမား တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တောင် အသင်းရဲ့ အထက်မှာ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အယ်လ်ခါလိုင်ဖီရဲ့ ပြောစကားတွေအရ အမ်ဘာပေနဲ့ အသင်းအကြား ဆက်ဆံရေး ပြိုကွဲခဲ့ပြီလို့ နားလည်ရပါတယ်။

အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်း‌ရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပြင်သစ်သမ္မတအပါအဝင် ဘက်ပေါင်းစုံက စည်းရုံးသိမ်းသွင်းမှုတွေကြောင့် ပီအက်စ်ဂျီမှာ ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့်ရဖို့က အမ်ဘာပေရဲ့ အမြဲတမ်း အိပ်မက်ဖြစ်ခဲ့ပြီး ကစားသမားဘက်ကလည်း ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေဆဲ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က