ဘာစီလိုနာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီအတွက်တော့ ဒီရက်ပိုင်းက တော်တော်လေးကို စိတ်ညစ်စရာတွေ များပြားနေတဲ့ကာလလို့ ဆိုရမှာပါ။ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒမ်ဘီလီကို ဘာစီလိုနာက ကြားကာလတလျှောက်လုံး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ကစားသမားဘက်က တောင်းဆိုမှုတွေက အလွန်မြင့်မားလွန်းတာကြောင့် ဘာစီလိုနာ အားကစား ဒါရိုက်တာ အယ်လ်မန်နီကိုယ်တိုင်က ဒမ်ဘီလီကို အသင်းက ထွက်ခွာခွင့်ပေးလိုက်ပြီး အခု ဆောင်းရာသီ အပြောင်းအရွှေ့ မပြီးခင်မှာတင် ရောင်းထုတ်မယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
တဖက်မှာလည်း ဒမ်ဘီလီကတော့ ဘာစီလိုနာရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ သူ့အနေနဲ့ အသင်းအတွက် ကစားပေးဖို့ရှိနေသေးတယ်လို့ ကြေညာချက်အရှည်တစောင်ကို ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုမျိုး ပြဿနာတွေ များပြားနေတဲ့ ဒမ်ဘီလီကို ဘာစီလိုနာ ကစားသမားဟောင်းကြီး စတွိုက်ကော့ဗ်ကပါ ဝေဖန်လာခဲ့ပါပြီ။
စတွိုက်ကော့ဗ်က “မင်း (ဒမ်ဘီလီ) အနေနဲ့ ဘာစီလိုနာမှာ ဆက်မနေချင်ဘူးဆိုလည်း အသင်းပုံရိပ်ကိုတော့ မဖျက်စီးနဲ့ကွာ။ ဇာဗီရေ... မင်း ဒီကောင့်ကို အဝတ်လဲခန်းထဲ အဝင်မခံတော့တဲ့အပေါ် ငါဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ အဝတ်လဲခန်းဆိုတာက လေးစားမှုနဲ့ ထိုက်တန်တဲ့နေရာပါ”
“အဲ့ဒီမှာ နှစ်ပေါင်း (၁၂၁) ကြာ သမိုင်းတွေရှိခဲ့တယ်။ လာပေါ်တာရေ... တံခါးဖွင့်ပေးထားလိုက်။ သွားချင်တဲ့သူ သွားပါစေ။ ငါ ဘာစီလိုနာဂျာစီအတွက် ချွေးတွေပေးဆပ်ခဲ့ဖူးတယ်။ ဒမ်ဘီလီက ဘာစီလိုနာက ဘယ်လိုအသင်းမျိုးလဲဆိုတာကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး”
“ကျနော် ဒီအသင်းမှာ နိုင်ငံခြားသားအဖြစ်နဲ့ ကစားခဲ့ဖူးပါတယ်။ ဂယ်ရီလိုင်နီကာတို့ကအစ နိုင်ငံခြားသား ကစားသမားတွေအကုန် ဘာစီလိုနာ သမိုင်းကြောင်းကို သိပါတယ်။ ဒါပေမယ့် မင်းကတော့ ဘယ်တော့မှ မသိခဲ့ဘူး” လို့ ပြစ်တင်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။